ONE 168 ပွဲမှာ တူရကီဖိုက်တာနဲ့ထိုးသတ်မယ့် အောင်လ (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ စက်တင်ဘာ ၆၊ ၂၀၂၄။

One Championship ပြိုင်ပွဲတွေမှာ မြန်မာပရိသတ်တွေသာမကဘဲ အာရှပရိသတ်တွေရဲ့ဝန်းရံမှုကိုပါ အခိုင်အမာရရှိထားတဲ့ ကချင်သားကြီး အောင်လအန်ဆန်းကတော့ အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့မှာပြုလုပ်မယ့် ONE 168:Denver ပွဲမှာ တူရကီကိုယ်စားပြုဖိုက်တာ အာဒိုဂန်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ 

အောင်လဟာ ၂၀၂၃ မေလမှာ ထိုးသတ်အနိုင်ရရှိခဲ့တဲ့ တရုတ်ဖိုက်တာ ဖန်ရောင်နဲ့ပွဲပြီးချိန်ကတည်းက ပြိုင်ပွဲတွေနဲ့ဝေးကွာနေခဲ့တာဖြစ်ပြီး မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းတွေမှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အောင်လအတွက်တော့  ဒီပွဲဟာ ချန်ပီယံခါးပတ်ပြန်လည်မျှော်လင့်ချက်အတွက် ခက်ခဲတဲ့စမ်းသပ်မှုကို ခံယူရမယ့် ပွဲစဉ်တပွဲလည်း ဖြစ်ပါတယ်။ 

အောင်လဟာ ဒီပွဲစဉ်အတွက် မျှော်လင့်ချက်တွေအများကြီးထားထားတယ်ဆိုတာကိုတော့ သူ့ရဲ့ပြင်ဆင်မှုရုပ်သံဖိုင်တွေက သက်သေပြနေပါတယ်။ အမြင့်ကန်ချက်တွေ၊ လက်သီးပါဝါပြင်းပြင်းတွေနဲ့ Stand Fight ပိုင်းကိုပိုင်နိုင်တဲ့အောင်လအတွက် အခုတခါပြိုင်ဘက်ကတော့ နပန်းကစားနည်းကို ကြေညက်အားသန်တဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။ 

အောင်လအနေနဲ့ ပွဲစဉ်တလျှောက်မှာ အာဒိုဂန်ရဲ့ဆွဲလှဲတာကို တောင့်ခံနိုင်ဖို့ကြိုးစားရမှာဖြစ်သလို ရုတ်တရက်ဝင်လာနိုင်တဲ့ ဘယ်ခြေကန်ချက်နဲ့ ဘယ်ထောက်လက်သီးတွေကိုလည်း သတိပြုသွားရမှာဖြစ်ပါတယ်။ တူရကီကိုယ်စားပြုထိုးသတ်နေတဲ့ အာဒိုဂန်ကတော့ ရုရှမှာမွေးဖွားကြီးပြင်းခဲ့တာကြောင့် နပန်းပိုင်းပိုင်နိုင်ပြီး တခြားနပန်းအားသန်ကစားသမားတွေထက် သာလွန်တဲ့အချက်ကတော့ Stand Fight ပိုင်းမှာလည်း ကောင်းကောင်းကစားနိုင်တာဖြစ်ပါတယ်။ 

အာဒိုဂန်ဟာ အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၂၀၂၃ ဇွန်လမှာ အောင်လနောက်ဆုံးထိုးသတ် အနိုင်ယူထားတဲ့ တရုတ်ဖိုက်တာဖန်ရောင်ကိုပဲ ထိုးသတ်အနိုင်ရရှိထားပြီး ပြိုင်ပွဲတွေနဲ့ ဝေးကွာနေပေမယ့် လှုပ်ရှားထိုးသတ်ပုံတွေကတော့ ပေါ့ပါးကောင်းမွန်နေတုန်းပါပဲ။ ပြိုင်ပွဲမှတ်တမ်းတွေမှာတော့ ရှုံးပွဲမရှိသေးတဲ့ဖိုက်တာတယောက်ဖြစ်ပြီး ပြိုင်ဘက်ကို Ground ပေါ်ရောက်အောင် ဆွဲခေါ်တတ်သူတယောက်ဖြစ်ကာ ဆွဲလှဲနိုင်လိုက်တာနဲ့ ပြိုင်ပွဲကိုဦးဆောင်ထိုးသတ်သွားနိုင်သူတယောက်လည်း ဖြစ်ပါတယ်။ 

ONE 168 ပွဲမှာ မာဂုဏ်မြင့်မားတဲ့အောင်လအန်ဆန်းက အားပါပြင်းထန်တဲ့ ထိုးချက်၊ ကန်ချက်တွေနဲ့ အနိုင်ပိုင်းပြီး တကျော့ပြန်ချန်ပီယံခြေလှမ်းတွေပြန်လှမ်းလာမလား၊ အာဒိုဂန်ကပဲ မြေပြင်ပေါ် ဆွဲခေါ်လှဲချ အနိုင်ယူသွားမလားဆိုတာကို စောင့်ကြည့်ရပါတော့မယ်။ 

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့မှာကျင်းပမယ့် ONE 168: Denver ပြိုင်ပွဲကို စက်တင်ဘာ ၇ ရက် မြန်မာစံတော်ချိန် မနက် ၆း၃၀ နာရီမှာ စတင်ကျင်းပသွားမှာဖြစ်ပြီး One Championship ရဲ့ Youtube Channel နဲ့ Facebook Page တို့မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။  

Photo – SS from One Championship Youtube.

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။