4 July 2026 12:16 AM

ဂန့်ဂေါမှာ စစ်တပ်ကဗုံးကြဲလို့ သားအမိ ၂ ဦးသေဆုံး

0 3
0 3

ဂန့်ဂေါ၊ မတ် ၁၇၊ ၂၀၂၆။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောက်ဂူဒေသ၊ ကံရွာအနောက်ဘက်တောစပ်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သားအမိ ၂ ဦးသေဆုံးခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မတ်လ ၁၆ ရက် နေ့လယ် ၁ နာရီခန့်မှာ စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာ ၄ စီးက ဗုံး ၈ လုံးကြဲချချိန်မှာ ရွာကနေ တောစပ်ကိုစစ်ဘေးရှောင်လာကြတဲ့ ဒေသခံတွေထိမှန်သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

“တိုက်ပွဲမဖြစ်ဘူး။ အဲ့နားမှာ LPDF စခန်းခွဲ ၁ ခုရှိတယ်။ သူတို့ဘက်က မထုတ်ပြန်တော့မသိရဘူး။ အသွားအလာလည်းလုပ်လို့မရဘူး။ ခုထိတဲ့ မိသားစုတွေကလည်း စစ်ဘေးရှောင်ရင်း တောထဲမှာပဲနေတော့တာ။ သူတို့မိသားစုက ထိခိုက်သေဆုံးကြတာ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် ကံရွာကျေးရွာကနေ စစ်ဘေးလာရှောင်နေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးနဲ့ အသက် ၁၃ နှစ်အရွယ် သမီးအငယ်ဆုံးတို့ နေရာမှာပဲသေဆုံးပြီး အသက် ၂၀ အရွယ် သမီးကြီးက ခြေထောက်ပြတ်သွားသလို ဖခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် LPDF တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်မှုရှိတယ်လို့သိရပေမယ့် သွားလာခွင့်ကန့်သတ်ခံထားရတာကြောင့် အခြေအနေကိုအတိအကျမသိရသေးဘူးလို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဗုံးကြဲခံရတဲ့နေရာအနီးမှာ စစ်ဘေးရှောင်မိသားစု ၂၀ အထက်၊ လူဦးရေ ၇၀ ကျော်ရှိနေပြီး ဗုံးကြဲခံရပြီးနောက် နေရာရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၇ ရက်ညနေ ၆ နာရီကျော်မှာလည်း ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာဘုန်းကြီးကျောင်းကို တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံး၂ လုံးကြဲချခဲ့တာကြောင့် သံဃာ ၂ ပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါဒေသခံတဦးဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။