နတ်တလင်းမှာ စစ်တပ်ကပစ်ခတ်လို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးဖမ်းခံရ

0 25
0 25

နတ်တလင်း၊ မတ် ၁၇၊ ၂၀၂၆။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဖလံပင်ကျေးရွာမှာ စစ်ကော်မရှင်စစ်ကြောင်းကပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးဖမ်းဆီးခံထားရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မတ်လ ၁၆ ရက် မနက် ၅ နာရီခန့်မှာ နတ်တလင်းကထွက်လာတဲ့ စစ်ကော်မရှင်အင်အား ၁၀၀ လောက်က ရွာထဲကိုပစ်ခတ်ဝင်ရောက်လာပြီး စစ်ကြောင်းဝင်လာလို့ ထွက်ပြေးသူတွေကို လိုက်လံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ရွာထဲကို အချိန်မရှိ မနက်အစောကြီး ပစ်ခတ်ပြီးဝင်လာတာ။ ရွာသားတွေက သေနတ်သံကြားတော့ ကွင်းတွေထဲကို အဖွဲ့လိုက်တွေပြေးကြတာ။ ပြေးတော့ **တွေဘက်က မဲမဲမြင်ရာပစ်တဲ့အခါမှာ ထိကြတာ။ PDF တွေဆိုပြီးပစ်တာမဟုတ်ဘဲ ရွာသားမှန်းသိသိချင်း ပစ်ကြတာ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း အသက် ၄၈ နှစ်အရွယ် ဦးဌေးအောင်၊ အသက် ၆၅ နှစ်အရွယ် ဦးချစ်ထွန်းနဲ့ ဒေါ်ခင်ရီတို့သေဆုံးခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ဒေါ်ကေသီ၊ ဦးဖိုးကုန်း တို့အပါ စုစုပေါင်းဒေသခံ ၅ ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကော်မရှင်တပ်တို့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပြီး ဒီအခြေအနေကိုတော့ သီခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်အဖွဲ့တွေဟာ ဖလံပင်ရွာက နေအိမ် ၁၅၀ လုံးနဲ့ ရှားစေးဖိုရွာက နေအိမ် ၁၅ လုံးတို့ကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်စစ်ကြောင်း ပြန်မထွက်သေးတာကြောင့် စစ်ရေးတင်းမာတဲ့အခြေအနေရှိပြီး အိမ်ခြေ ၈၀၀ ခန့်ရှိ ဖလံပင်ရွာ အိမ်ခြေ ၂၀၀ ကနေ ၃၀၀ ကြားရှိတဲ့ ရှာစေးဖိုး၊ သရက်ပုဂံရိုး၊ ငုတ်တို၊ ညောင်ဝိုင်း၊ ခွေးသေကျေးရွာတို့က ပြည်သူ ၆,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်မှာလည်း ကွင်းစမ်၊ ညောင်လှ၊ ရွာသာယာကျေးရွာတွေကို မီးဝင်ရှို့တဲ့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်ဘက်က ၅ ဦးနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရကာ နေအိမ် ၃၁ လုံး မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။