မြေလတ်အသံ၊ ဇန်နဝါရီ ၃၀၊ ၂၀၂၅။
အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအခြေစိုက် ပျူစောထီး(ပြည်သူ့စစ်)စခန်းက ပစ်လိုက်တဲ့ ၈၁ မမ လက်နက်ကြီးကျည်စထိမှန်ပြီး ကလေး ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
ဇန်နဝါရီ ၂၈ ရက် ညနေ ၄ နာရီလောက်က ငွေတွင်းကျေးရွာကနေ ၁ မိုင်ခန့်အကွာ မြေနက်ကျေးရွာကို စစ်ရေးလှုပ်ရှားမှုမရှိဘဲ ၈၁ မမလက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ အရာတော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက မြေလတ်အသံကို ပြောပြပါတယ်။
စစ်ရေးလှုပ်ရှားမှုမရှိတဲ့အတွက် နေ့စဥ်ပုံမှန်သွားလာနေကြတဲ့ မြေနက်ကျေးရွာက အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။

“ခြေထောက်တွေထိသွားတာ။ နောက်တယောက်ကတော့ ခါးဖောက်ဝင်သွားတာ။ အငယ်ဆုံးတယောက်ကတော့ ပါးမှာ အရေပြားကြီး လန်သွားတယ်။” လို့ အရာတော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အရင်ကလည်း ငွေတွင်းကျေးရွာဘက်က လက်နက်ကြီးတွေနဲ့ ပစ်လေ့ရှိတဲ့အတွက် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ဖူးပါတယ်။
ငွေတွင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ခံစစ်စခန်းနဲ့ အခိုင်အမာတပ်စွဲထားတာဖြစ်ပြီး သူတို့စခန်းထဲကနေ လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။
ငွေတွင်းကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပြီးတော့ ပိတ်ဆို့ဖြတ်တောက်မှုတွေ လုပ်ဆောင်နေကြတာရှိပါတယ်။
၂၀၂၅ နှစ်စအထိ ငွေတွင်းကျေးရွာက ပျူစောထီးတွေရဲ့ ဖိနှိပ်မှုဒဏ်တွေကြောင့် ထွက်ပြေးခိုလုံလာသူ အရပ်သားပြည်သူ စုစုပေါင်း ၃,၀၀၀ ဝန်းကျင်ရှိပါတယ်။
သတင်း – ငြိမ်းချမ်းမေ၊ စာတည်း – ဈာန်မြင့်