လမ်းမှားပြီး ရဲစခန်းဂိတ်ကိုဖြတ်မိတဲ့ PDF စစ်ရေးနည်းပြ ပစ်ခတ်ခံရပြီးကျဆုံး

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကုမြို့နယ်၊ ကမ္မမြို့ရဲစခန်းအရှေ့မှာ ပခုက္ကူခရိုင်တပ်ရင်း ၁၈ ရဲ့ စစ်ရေးနည်းပြ ၁ ဦး ကိုစစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကပစ်သတ်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက် မနက် ၉ နာရီခန့်မှာ ပခုက္ကူခရိုင်တပ်ရင်း ၁၈ က စစ်ရေးနည်းပြ ၁ ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ်ကိုရှောင်လင်ဟာ ဆိုင်ကယ်နဲ့ တပ်ရင်းကနေမြိုင်မြို့နယ်ဘက်ကို စစ်သင်တန်းပေးဖို့သွားချိန် ကမ္မမြို့ရဲစခန်းရှေ့က ရဲစခန်းစစ်ဆေးရေးဂိတ်အရောက်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ရဲစခန်းစစ်ဆေးရေးဂိတ်ကိုအဖြတ်မှာ တာဝန်ကျရဲတွေဘက်က ကိုရှောင်လင်ကို သေနတ်နဲ့ ၅ ချက်လောက်ပစ်ခတ်ခဲ့တာလို့ ဖြစ်စဥ်ကိုသိရှိတဲ့ဒေသခံတွေရဲ့ပြောပြချက်ကို ကိုးကားပြီး ပခုက္ကုခရိုင်တပ်ရင်း ၁၈ တာဝန်ခံက ပြောပါတယ်။

“ဒီကနေသွားတုန်းက အရပ်ဝတ်နဲ့သူနောက်ကျောမှာပါတဲ့ ကျောပိုးလွယ်အိတ်မှာ ပွိုင့်ဖိနပ်ကို တွေ့သွားတဲ့အချိန်မှာ အဲ့လိုဖြစ်သွားတာ။ ပွိုင့်ဖိနပ်ကို မြင်တော့ PDF ဆိုပြီးတန်းပစ်တဲ့ သဘော။ ပစ်ပြီးမှစစ်တော့ ယူနီဖောင်းတွေလည်းတွေ့ရတာမျိုး”လို့ သူကပြောပါတယ်။

ကိုရှောင်လင်ဟာ နယ်မြေမကျွမ်းသူတဦးဖြစ်တာကြောင့် လမ်းညွှန်ပေးလိုက်ပေမယ့် ကမ္မမြို့ပေါ် အရောက်မှာလမ်းမှားပြီး ရဲစခန်းစစ်ဆေးရေးဂိတ်ဘက်ကို ရောက်သွားတာလို့ ဆိုပါတယ်။

“သူစဖြစ်တဲ့နေ့က ကျနော်တို့ကမ္မထိသွားပြီးတော့ ရဲစခန်းကိုလှမ်းပြီးတော့ သူရဲ့ဘော်ဒီရအောင် လှမ်းတောင်းတယ်။ သူတို့(ရဲစခန်း)ဘက်က မပေးနိုင်ဘူး။ မင်းတို့မကျေနပ်ရင်တော့ တိုက်ချင်တိုက်လို့ ရတယ်ဆိုပြီး စခန်းထဲကပြန်ပြောတယ်။ ရဲဘော်အလောင်းကိုလည်း သူတို့ကမြေမြှုပ်လိုက်ပြီလို့ သိရတယ်”လို့ ပခုက္ကုခရိုင်တပ်ရင်း ၁၈ တာဝန်ခံကပြောပါတယ်။

အလောင်းကိုပြန်မပေးတာကြောင့် အလောင်းသွားတောင်းတဲ့ ဖေဖော်ဝါရီ ၉ ရက်မှာပဲ ရဲစခန်းကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့ပြီး ရဲတွေဘက်ကထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

ကိုရှောင်လင်ဆီမှာပါသွားတဲ့ တပ်ရင်းပိုင် ဆိုင်ကယ် ၁ စီး၊ ယူနီဖောင်း ၂ စုံ၊ အရပ်ဝတ်နဲ့ ပွိုင့်ဖိနပ် ၁ ရံတို့ကိုလည်း ရဲစခန်းဘက်က သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မတ် ၂၈ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ဆားကျင်းကုန်းပိုင်းမှာ မြို့ပေါ်တက် ဖုန်းဝယ်တဲ့ တော်လှန်ရေးထောက်ပို့တပ်ဖွဲ့ဝင် ၂ ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီး ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။