သံချပ်ကာတပ်မှ ဗိုလ်ကြီးတဦး ရေဦးပကဖထံ ဘက်ပြောင်းခိုလှုံ

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အင်းတိုင်အခြေစိုက် အမှတ် ၇၄ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်ကြီးတဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ ဖေဖော်ဝါရီ ၉ ရက်မှာ ရေဦးမြို့နယ်ပကဖက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘက်ပြောင်းခိုလှုံလာသူ ဗိုလ်ကြီး ဟိန်းထက်အောင် ၃၇ နှစ်ဟာ ဇန်နဝါရီလ ပထမအပတ်ကတည်းက ၎င်းရဲ့အင်းတိုင်အခြေစိုက် တပ်ရင်းကနေ ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့မိသားစုဝင်တွေနဲ့ ရဲဘော်အချို့ရဲ့လုံခြုံရေးအခြေအနေအရ ယခုအချိန်မှ သတင်းထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူ့အကိုတယောက်က ကျနော်တို့ ပကဖထဲမှာရှိတယ်။ သူနဲ့ချိတ်ဆက်ပြီးတော့မှ ဝင်လာတာ။ သူကဘာမှ မပါခဲ့ဘူး၊ လူချည်းပဲထွက်လာတာ။ အဝတ်အစားတောင် အပိုမပါဘူး။ သူ့အပြောအရကတော့ အဖွဲ့အစည်းရဲ့လုပ်ရပ်ကို မနှစ်မြို့တော့တာရယ် အတွင်းမှာလည်း ကြီးနိုင်ငယ်ညှင်းလုပ်ပြီး ဂိုဏ်းဂဏကွဲနေတာတွေကြောင့် ထွက်လာတာလို့တော့ ပြောတယ်။”လို့ ရေဦးမြို့နယ်ပကဖ တာဝန်ခံကပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူ ဗိုလ်ကြီး ဟိန်းထက်အောင်ဟာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ တောင်းဆိုထားပေမယ့် ခွင့်ပြုသင့်၊ မသင့်ကို အခြေအနေစောင့်ကြည့်နေကာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူထားရှိ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကလည်းရေဦးမြို့မရဲစခန်းက လုပ်သက် ၅ နှစ်ရှိ အသက် ၂၃ နှစ်အရွယ် ရဲတပ်သား အောင်သျှိုင်းကျော် ဆိုသူဟာ ရေဦးမြို့နယ်ပကဖအဖွဲ့ထံ လက်နက်ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့သေးတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း ရေဦးမြို့နယ်ပကဖအဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ၂ ဦးအပါအဝင် ၆ ဦး၊ ရဲတပ်သား ၁ ဦး စုစုပေါင်း ၇ ဦးထိရှိနေပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးကတော့ ပကဖအဖွဲ့မှာပါဝင်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်တွန်းလှန်တိုက်ခိုက်နေတယ်လို့ ပကဖတာဝန်ရှိသူထံက သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။