ချောင်းဦးတိုက်ပွဲ ကျဆုံးရဲဘော် လေးဝိုင်းရဲ့အရိုးပြာကို အာဇာနည်ဗိမာန်ဂူသွင်းပေးခဲ့

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်းအခြေစိုက် Rural Rangers အဖွဲ့မှ ကျဆုံးခဲ့တဲ့တပ်ဖွဲ့ဝင်ရဲဘော်လေးဝိုင်း (ခ) မောင်မောင်ဦးကို ဈာပနစစ်ရေးပြနဲ့ အလေးပြုခဲ့ပြီး ဂူသွင်းပေးခဲ့တယ်လို့ Rural Rangers ဆီမှ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် Rural Rangers ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်လေးဝိုင်းဟာ အဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် ချောင်းဦးမြို့နယ်က စစ်ကောင်စီတပ်စခန်းတခုကို ထိုးစစ်ဆင်တိုက်ခိုက်စဉ် နေ့လယ် ၂ နာရီကျော်မှာ ရင်ဘတ်ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“ကျနော် ရေမြောင်းထဲကနေ ဆွဲတက်နေတုန်း လေးဝိုင်းရဲ့ အသက်ကိုမနည်းအားယူပြီရှူနေရတဲ့ အသံကို ကြားရတာ။ ကျနော်လည်းရောက်သွားကော သူ့ဘေးနားကကောင်တွေကို ဘယ်လိုထိသွားတာလဲမေးပြီး ကျနော်လည်း သူ့ကိုအော်ခေါ်ပြီး ဒဏ်ရာကိုကြည့်တော့ တကယ့်သေးသေးလေးဗျာ ဒဏ်ရာက။ ကျနော်လည်း ရင်ဘက်ကိုဖိပြီး ပါးစပ်ထဲကို လေမှုတ်ပြီး သူ့နာမည်ကိုအော်ခေါ်နေကြတာတာပေါ့။ အဲ့မှာ အသက်တချက်ရှူပြီး ဘယ်လိုမှ မလှုပ်ရှားနိုင်တော့ဘူး။”လို့ Rural Rangersမှ ရဲဘော် ရန်ကုန်ကပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်လေးဝိုင်း ကျဆုံးခဲ့တဲ့တိုက်ပွဲမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က စစ်ကောင်စီတပ်စခန်းကို ၇၅ ရာခိုင်နှုန်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းအချို့ကို ဖမ်းဆီးရမိခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဘက်က မြေပြင်စစ်ကူရောက်လာကာ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှာလည်း ခဲယမ်းနဲ့ကျည် နည်းပါးသွားတာကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ယင်းမာပင်မြို့နယ် ပကဖလက်ရုံးတပ် ULF ရဲ့စစ်ကြောင်း Rural Rangers အဖွဲ့တာဝန်ခံရဲဘော် လေးဝိုင်း(ခ)မောင်မောင်ဦးရဲ့ ရုပ်ကလာပ်ကို ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ဈာပနစစ်ရေးပြနဲ့ အလေးပြုခဲ့ပြီး အရိုးပြာကို အာဇာနည်ဗိမာန်ဂူသွင်းပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။