ပွင့်ဖြူ၊ ကျောင်းကုန်းကြီးရွာစစ်တပ်စခန်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ဝင်တချို့သေဆုံး

0 70
0 70

ပွင့်ဖြူ၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၅။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာရှိစစ်တပ်လက်အောက်ပျုစောထီး(ပြည်သူ့စစ်)အထိုင်စခန်း တိုက်ခိုက်ခံရပြီး တိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင် မြတ်အောင်နဲ့ ပျူစောထီးတချို့သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ဒီကနေ့မနက် ၅ နာရီခန့်မှာ ပျူစောထီးနဲ့စစ်ကော်မရှင်တပ်ပူးပေါင်းအင်အား ၁၀၀ ခန့်ရှိတဲ့ ကျောင်းကုန်းကြီးအနောက်ရွာပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄ နာရီကျော်ကြာတိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

“တော်လှန်ရေးအင်အားစုတွေက ပျူခေါင်းဆောင်လက်နက်ကိုင်တွေကိုဝင်စီးတဲ့နေရာမှာ ကျေးရွာရဲ့အနောက်ဘက်ခြမ်းကို ဝင်စီးနိုင်တယ်။ ပျူတွေဖြစ်တဲ့ မြအောင်၊ ဝင်းတင်၊ ခင်မောင်စိုးပါ သေဆုံးကြတယ်” လို့ ပွင့်ဖြူမြို့နယ်မှာစစ်ရေးလှုပ်ရှားနေတဲ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်တပ်က တိုက်ပွဲတွေပြင်းထန်နေချိန် ဒီကနေ့မနက် ၇ နာရီခွဲလောက်မှာ Mi – 35 တိုက် ခိုက်ရေးရဟတ်ယာဥ် ၂ စီးနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးကို နာရီဝက်ကြာ လှည့်ပတ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ပျူစောထီးခေါင်းဆောင်အချို့အပါ ၆ ဦးသေဆုံးကြောင်း ကနဦးသိထားရပြီး မနက် ၉ နာရီခွဲခန့်မှာ တိုက်ပွဲပြီးဆုံးခဲ့ကာ အထိနာတဲ့စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့တွေက ကျောင်းကုန်းကြီးအရှေ့ဘက်ခြမ်းကိုဆုတ်ခွာသွားတယ်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ပွင့်ဖြူမြို့နယ်ဒေသခံတဦးကလည်း ဒီကနေ့မနက်အစောပိုင်းမှာ ကျောင်းကုန်းကြီးပျူစောထီးဂိတ်ကို PDF ပူးပေါင်းတပ်တွေဘက်ကတိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ပြောပါတယ်။

” ထိခိုက်ကျဆုံးတော့ရှိတယ်။ PDF ဘက်ကတော့မသိသေးဘူး။ ပျူစောထီးခေါင်းဆောင် မြတ်အောင်၊ ခေါင်းဆောင်ထဲကတယောက် အဲ့ကောင်နောက်စေ့မှန်သေတယ်။ ခင်မောင်ဦး ပြင်းထန်ဒဏ်ရာရတယ်။ ဖြစ်နေတုန်းဆိုတော့ အတိအကျမသိရသေးဘူး။ ကျနော်သိတာ နှစ်ယောက်သိတယ်။ မြတ်အောင်သေတာသိတယ်။ သေတဲ့အထဲ **တွေပါတာလည်းရှိနိုင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ရဟတ်ယာဥ်နဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေထိခိုက်မှုရှိခဲ့တယ်လို့သိရပြီး တိုက်ပွဲအသေးစိတ်အခြေနေတွေကိုတော့ သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်မလာသေးပါဘူး။

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကော်မရှင်တပ်ဘက်က မကျည်းကုန်း၊ ရှောက်တော၊ သစ်ချိုကုန်းဘက်ကနေ စစ်ကား ၁၅ စီးပါ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းပြန်ထိုးလာနေလို့ စစ်ရေးတင်းမာနေသေးတယ်လို့ သိရပါတယ်။

တိုက်ပွဲနဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့် ကျောင်းကုန်းကြီးအရှေ့၊ အနောက်နဲ့ ရေပုတ်ကြီးကျေးရွာက ပြည်သူ ၂,၀၀၀ ကျော်ထွက်ပြေးနေရပြီး အချို့ကတော့နေအိမ်အတွင်းမှပုန်းအောင်းနေကြသေးတယ်လို့ ဆိုပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။