စလင်းမှာ ဘုန်းကြီးကျောင်းဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေပြီး ကိုယ်၀န်သည် ၁ ဦးအပါ ၃ ဦးဒဏ်ရာရ

0 6
0 6

စလင်း၊ မတ် ၂၁၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကင်မွန်းချုံကျေးရွာအုပ်စု၊ ကင်မွန်းချုံရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား ၁ ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်မိခင် ၁ ဦးနဲ့ ကပ္ပိယ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ စလင်းမြို့ခံတွေဆီက သိရပါတယ်။

မတ် ၂၀ ရက် ကင်းမွန်းချုံရွာဝန်းကျင်မှာ လေယာဉ်တွေ သုံးလေးခေါက်ပျံဝဲနေခဲ့ပြီး ညနေ ၄ နာရီ ၂၃ မိနစ်မှာ ပျံသန်းလာတဲ့ လေယာဉ် ၂ စီးထဲက ၁ စီးဟာ ဗုံးကြဲချသွားတာဖြစ်တယ်လို့ စလင်းမြို့ခံတဦးကပြောပါတယ်။

“ဂျက်ဖိုက်တာနဲ့ ၃ လုံးကြဲသွားတာ ကင်မွန်းချုံဘုန်းကြီးကျောင်းကို ကြဲသွားတာ။ ဘုန်းကြီးကျောင်းကတော့ တော်တော်လေးစုတ်ပြတ်သွားတယ်။ ကျောင်းရှေ့ဇရပ်နားမှာနေတဲ့ အမျိုးသားက ရေနွေးသွားထည့်တာလို့ပြောတယ်။ အသက် ၅၇ နှစ်၊ အဲ့ ၁ ယောက် သေဆုံးတယ်။ ကျောင်းအောက်မှာနေတဲ့ ကပ္ပိယကြီး ၂ ယောက် ဒဏ်ရာရတယ်။ ဘုန်းကြီးကျောင်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အိမ် ၁ အိမ်က ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက် ထိတယ်။” လို့ စလင်းမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒဏ်ရာရရှိသူ ကပ္ပိယ ၂ ဦးဟာ အသက် ၅၀ အရွယ်ခန့်ရှိကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ အသက် ၃၀ အရွယ်ရှိကာ ကိုယ်ဝန် ၇ လရှိပြီလို့ ဆိုပါတယ်။

ကင်မွန်းချုံကျေးရွာဟာ ၂၀၂၂ မတ်လ ၂၈ ရက်နေ့ကတည်း ငလှိုင်တွင်းရေနံမြေမှာ အထိုင်ချထားတဲ့ စလင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဆောဘက်ကိုပြောင်းပြီးတော့ စစ်ရှောင်စခန်းတခုအနေနဲ့ နေခဲ့ကြသူတွေဖြစ်ပြီး မကြာခင်ကမှ ကျေးရွာအတွင်းမှာ ပြန်လည်နေထိုင်ကြသူတွေဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အိမ်ထောင်စု ၁၅၇ စု လူဦးရေ ၅၅၀ ကျော်ရှိ ကင်းမွန်းချုံရွာ ဒေသခံပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် တရွာလုံးထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။