မြင်းခြံ၊ အောက်တိုဘာ ၂၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့ကနေ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတွေကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်းခဲ့တယ်လို့ မြင်းခြံခရိုင်၊ တပ်ရင်း ၇ Zero ပြောက်ကျားတပ်မဟာ ဆီကသိရပါတယ်။
အောက်တိုဘာ ၂၁ ရက်မနက်ပိုင်းက စစ်ကော်မရှင်တပ်တွေလိုက်ပါလာတဲ့ Double Cab ကား ၃ စီးကို မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းတနေရာမှာ တိုက်ခိုက်ခဲ့ရာ ၃ စီးစလုံးကို ထိမှန်ခဲ့ကာ တိုက်ခိုက်နေချိန်မှာပဲ ကား ၁ စီးကိုထားပြီး ကျန် ၂ စီးနဲ့ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

“နောက်ဆုံးမှာကျန်တဲ့ Jammer တင်တဲ့ Double Cab ကား ၁ စီးက မောင်းလို့ခက်ခဲတာတကြောင်း ရန်သူက ဘယ်ညာအရှေ့အနောက်မှာရှိနေတာကတကြောင်း ဒီစစ်ဆင်ရေးကို မိနစ် ၂၀ လောက်နဲ့ ဖော်ဆောင်ပြီး အမြန်ခွာစစ်ဆင်ခဲ့ရတာကြောင့် ကားတွေလည်းမသယ်နိုင်ဘူး၊ ကျန်နေခဲ့တဲ့ Double Cab နဲ့ Jammer ကားကို လက်ပစ်ဗုံးနဲ့ခွဲပြီးတော့ ကျနော်တို့ ခွာစစ်ဆင်ပြီးတော့ ဆုတ်ခဲ့ရတယ်” လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် MA1 ၁ လက်၊ MA3 ၁ လက်နဲ့ G3 ၁ လက်တို့ကို သိမ်းဆည်းရခဲ့ပြီး ကျန်ခဲ့တဲ့ ကားပေါ်မှာလည်း သေဆုံးစစ်သားအလောင်း ၁ လောင်းကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် နဲ့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း မြို့သာကနေ ငါန်းဇွန်ဘက်ကို ရိက္ခာပို့တဲ့ စစ်ကြောင်းကို မြို့သာနဲ့ ငါန်းဇွန်ကြားမှာ Zero ပြောက်ကျားတပ်မဟာက ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း – လင်း