မိတ္ထီလာ၊ အောက်တိုဘာ ၁၈၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ရှမ်းတဲလေတပ်အရှေ့မှာ Express ကားနဲ့ ဟိုက်ဂျက်ကားတိုက်မိပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၇ ရက်မနက် ၁၁ နာရီခန့်မှာ မန္တလေးဘက်ကနေ မိတ္ထီလာမြို့ဘက်ကို မောင်းလာတဲ့ ခရီးသည်တင် Express ကားဟာ ရှေ့မှာသွားနေတဲ့ ဟိုက်ဂျက်ကားကိုနောက်ကနေ ဝင်တိုက်ခဲ့တာလို့ဆိုပါတယ်။

“ကားကျော်တဲ့အကျော်မှာ နောက်ကနေဝင်တိုက်လိုက်တာ။ ဟိုက်ဂျက်နောက်မှာစီးတာက အမေကြီးတယောက်၊ ကလေးငယ်နဲ့သေသူအမျိုးသမီး၊ ရှေ့မှာက ယာဥ်မောင်းနဲ့ သေသူယောင်္ကျားပါတယ်။ နောက်ကတိုက်လိုက်တဲ့ အရှိန်နဲ့ နောက်ခန်းပါသူ ၃ ဦးက ကားပေါ်ကပြုတ်ကျသွားတယ်။ အမေကြီးနဲ့ကလေးက ဘေးကိုကျပြီးတော့ ကောင်မလေးကတော့ Express ကားအောက်ထဲကျသွားတာ”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် ဟိုက်ဂျက်ကားမှာလိုက်ပါလာကြတဲ့ အရှေ့ဆည်ကုန်းကျေးရွာနေ အသက် ၂၇ နှစ်အရွယ် မသန္တာဟာ နေရာတင် ပွဲချင်းပြီးသေဆုံးပြီး အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်၊ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး၊ အသက် ၃၀ ကျော်အရွယ်အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကား ၂ စီးလုံးလည်းပျက်စီးမှုရှိခဲ့ပြီး Express ကားပေါ်လိုက်ပါလာသူတွေကတော့ ထိခိုက်မှုတွေမရှိခဲ့ဘူးလို့ သူကပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေကို မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရပြီး အောက်တိုဘာ ၁၈ ရက်မှာတော့ သေဆုံးသူအလောင်းကိုကျေးရွာပြန်သယ်သွားပြီး ကျန်ဒဏ်ရာရသူတွေကတော့ဆေးရုံမှာ ဆက်လက် ဆေးကုသနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်ကလည်း မိတ္ထီလာမြို့နယ်၊ ဖလန်ကျင်းကျေးရွာအနီး မိတ္ထီလာ-ကျောက်ပန်းတောင်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ အမျိုးသမီး ၆ ဦးသေ ၁၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – လင်း