ပခုက္ကူမှာ လုံခြုံရေးယူနေတဲ့ ရဲတွေကိုတိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်း

0 23
0 23

ပခုက္ကူ၊ စက်တင်ဘာ ၂၂၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ရထားဘူတာအနီး ကွန်ကရစ်ဇလီဖားစက်ရုံမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ ပခုက္ကူမြို့နယ် တပ်ရင်း ၁၊ Pakokku – Special Task Force တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းအခြေစိုက် အမှတ် ၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲကနေ အဆိုပါစက်ရုံမှာလုံခြုံရေးယူနေတဲ့ ရဲတွေကို စက်တင်ဘာ ၂၂ ရက် ဒီနေ့မနက် ၁ နာရီခွဲဝန်းကျင်ကစလို့ ၁၀ မိနစ်ကြာ တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကော်မရှင်ဘက်က ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘူး၊ အဲ့ဒီမှာက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးရှိတာမှာ ၄ ဦးသေပြီး ၁ ကောင်ကတော့ လွတ်သွားတယ်၊ ဇလီဗားတုံးစက်ရုံ အစောင့်သဘောမျိုးနေကြတာ၊ တောင်ဘက်မှာက ခလရ ၂၅၆ ခြေလျင်တပ်ရင်းနဲ့ မြောက်ဘက်မှာက စက်မှုဇုန် ၆ လမ်းက **ဂိတ်ရှိတာကြောင့် ဂိတ် ၂ ခုကြားထဲပစ်ခတ်ပြီးတော့ အမြန်ပြန်လည် ထွက်ခွာခဲ့ရတာ”လို့ Pakokku – Special Task Force ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် G3 ၁ လက်၊ 7.62 ကျည်သုံး ကာဘိုင် ၁ လက်၊ AK ၁ လက်နဲ့ ကျည် ၅၀ တောင့် သိမ်းဆည်းခဲ့ပြီး စစ်ကော်မရှင်တပ်တွေဘက်က ညတွင်းချင်းလူနာတင်ယာဥ်နဲ့ အလောင်းတွေကို မြို့ထဲကို သယ်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကွမ်းသီးကန်ရွာ၊ ဝက်လူးကန်ရွာနဲ့ ဘုန်းကန်ရွာတို့ကို တပ်မ ၁၀၁ က အင်အား ၁၀၀ ကျော်စစ်ကြောင်းထိုးနေပြီး ပေါင်လောင်ကန်ရွာဘက်ကိုလည်း အင်အား ၃၀ နဲ့စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း ပခုက္ကူ တပ်မ ၁၀၁ ကနေ အနောက်ဘုန်းကန်ရွာကို အင်အားဖြည့်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို Pakokku – Special Task Force က Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။