စလော့ဂိမ်းရှုံးကြွေးဆပ်ဖို့ သူငယ်ချင်းကို သတ်ပြီး ငွေလုယူသူ ၂ ဦးကို ဖမ်းမိ

0 29
0 29

မိတ္ထီလာ၊ စက်တင်ဘာ ၁၉၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ လောင်းကစားရှုံးကြွေးဆပ်ဖို့ သူငယ်ချင်းဖြစ်သူကိုသတ်ပြီး ငွေလုယူသွားတဲ့ အမျိုးသား ၂ ဦးကို စက်တင်ဘာ ၁၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်နယ်မြေ၊ မြောက်ကန်စောင်း၊ ကလေးကစားကွင်းအနီးမှာ အသက် ၃၀ နှစ်အရွယ် အမည်မသိအမျိုးသား ၁ ဦး သေဆုံးနေတဲ့ ရုပ်အလောင်းတွေ့ရှိတာနဲ့ပတ်သက်ပြီး မြို့တွင်း CCTV မှတ်တမ်းတွေနဲ့ မြေပြင်သတင်းစုံစမ်းချက်တွေအရ သံသယရှိသူ အမျိုးသား ၂ ဦးကို ရဲကဖမ်းဆီးစစ်ဆေးရာက သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ကြတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးဟာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာနေ ဇော်လှိုင်းနဲ့ ဇာနည်အောင်တို့ဖြစ်ပြီး သေဆုံးသူ စမ်းကုန်းရွာသား ကိုဇင်မင်းထက်နဲ့အတူ မန္တလေးမြို့ကို ဝက်ရောင်းပြီးအပြန် မိတ္ထီလာမြို့တည်းခိုခန်းတခုမှာ ဝင်ရောက်တည်းခိုချိန် သေဆုံးသူမှာပါတဲ့ ငွေတွေကို လုယူလိုတာကြောင့် သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားတာပါ။

” သူတို့အချင်းချင်းဘဲ။ ၃ ယောက်အတူသွားပြီး ကျန်တဲ့ ၂ ယောက်ကသတ်တာ။ တည်းခိုခန်းမှာ တည်းပြီး သတ်တဲ့ကောင်က တရွာတည်းသားကို ငါတော့ပိုက်ဆံလိုနေပြီး ကူညီအုန်းဆိုပြီးတော့၊ အဲ့နှစ်ယောက်က တရွာတည်းသား။ သေတဲ့တယောက်က နောက်တရွာက။ သတ်တဲ့ ဇော်လှိုင်းဆိုတဲ့ ကောင်လေးက စလော့ ဂိမ်းတွေဆော့တာ။ ငွေသိန်း(ကျပ်) ၃၀၀၊ ၄၀၀ လောက်ရှုံးထားတာ။ အဲ့ဒါကြောင့် ငွေလိုချင်လို့ လုပ်တာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ မိတ္ထီလာဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ သေဆုံးသူနဲ့ကျူးလွန်သူ ၂ ဦး တို့ဟာ နတ်မောက်ကနေ မန္တလေးမြို့ကို သေဆုံးသူ ဇင်မင်းထက် ပိုင်ဆိုင်တဲ့ ဝက်တွေကို သွားရောက်ရောင်းချခဲ့ပြီးနောက် နတ်မောက်မြို့ကိုပြန်လာချိန် အဲ့ဒီနေ့ညပိုင်းမှာ မိတ္ထီလာမြို့သစ်ရှိ ဟိုတယ်တခုမှာညအိပ်တည်းခိုချိန် သတ်ဖြတ်ခဲ့ပြီး သေဆုံးသူမှာ ပါလာတဲ့ ငွေကျပ် သိန်း ၄၇၀ ကို ယူဆောာင်ခဲ့တယ်လို့ သိရပါတယ်။

” ဟိုတယ်မှာပဲသတ်တာ။ တယောက်ကခေါင်းအုံးနဲ့ဖိပေးတယ်။ ဇာနည်အောင်က။ ဇော်လှိုင်းက ဓားနဲ့ ထိုးတယ်။ ဟိုတယ်ကလူလာနည်းတဲ့ဟိုတယ်။ အလောင်းကို နှစ်ယောက်ထမ်းပြီး ကားခေါင်းခန်းထဲထည့် မနက်အရောက် ပြန်ရမှာဆိုပြီးပြောပြီးထွက်လာကြတာ။ မန်နေဂျာကလည်း သတိမထားမိလိုက်တာမျိုး ဖြစ်တယ်”လို့ အထက်ပါမြို့ခံက ဆက်ပြောပါတယ်။

သတ်ဖြတ်ပြီးနောက် စက်တင်ဘာ ၁၅ ရက် မနက် ၄ နာရီကျော်မှာ ရုပ်အလောင်းကို ကားနဲ့သယ်ပြီး နန်းတော်ကုန်းရပ်ကွက်အပိုင်ထဲမှာ လာရောက်စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။

လူသတ်လုယက်မှုကျူးလွန်သူ ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ-၃ဝ၂/၃၉၄/၁၁၄ နဲ့ မိတ္ထီလာမြို့နယ်၊ အမှတ် ၂ နယ်မြေရဲစခန်းက အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။