ရေစကြို၊ ဇူလိုင် ၁၇၊ ၂၀၂၅။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ပြည်သူ့တပ်ဖွဲ့ဝင် ၁ ဦးအပါ ၄ ဦးသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၁၅ ရက်ည ၁၀ နာရီဝန်းကျင်မှာ ရေစကြိုအခြေစိုက် ခလရ ၂၅၈ တပ်ကပစ်ခတ်တဲ့ ၈၀ မမ လက်နက်ကြီးကျည်တွေက ကမ္ဘဲ့ကျေးရွာကိုကျရောက်ပေါက်ကွဲချိန် ထိမှန်သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။
“ပထမ ၁ လုံးပစ်ခတ်တာမှာ ပြည်သူနေအိမ်ထိမှန်ပြီး မီးလောင်သွားတာ။ မီးလောင်သွားတဲ့အချိန် ကျနော်တို့ရဲဘော်တွေက မီးလောင်တဲ့အိမ်ကိုသွားရောက်ငြှိမ်းသတ်ဖို့လုပ်တဲ့အချိန် နောက် ၁ လုံးက သူတို့စုဝေးတဲ့နေရာကျရောက်ပေါက်ကွဲပြီး တပ်ဖွဲ့ဝင် ၁ ဦး၊ သူ့ဇနီး၊ CDM ကျောင်းဆရာမနဲ့ ပြည်သူ ၁ ဦးထိခိုက်သေဆုံးခဲ့တယ်” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် အသက် ၂၀ နှစ် အရွယ် ရေစကြိုပကဖတပ်ဖွဲ့ဝင်ကောက်ကြီး(ခ)မောင်ရန်နိုင်နဲ့ ဇနီးဖြစ်သူ အသက် ၂၄ နှစ် အရွယ် မသဇင်ဝေ၊ အသက် ၃၂ နှစ် အရွယ် CDM ကျောင်းဆရာမ မနွေဦးမေနဲ့ အသက် ၁၇ နှစ် အရွယ်မောင်ရှင်းလင်းကိုတို့ သေဆုံးခဲ့ပြီး ဒေသခံ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်နဲ့ ဇနီးကိုတော့ ရေစကြို ပကဖ ကနေ စစ်ဓလေ့ထုံးစံအတိုင်း နာရေးကို ပြုလုပ်ပေးခဲ့တယ်၊ CDM ကျောင်းဆရာမကိုတော့ ဇာတိရွာကို ပြန်ခေါ်သွားပြီးတော့ ကောင်းမွန်စွာပဲ သင်္ဂြိုဟ်ပေးကြတယ်၊ ရွာထဲက ပြည်သူကိုလည်း ဒီတချိန်တည်းမှာပဲ မိသားစုတွေက နာရေးလုပ်ခဲ့တာ၊” လို့ အထက်ပါတာဝန်ခံကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃၊ အောက်တိုဘာ ၁၉ ရက်ကလည်း အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ကမ္ဘဲ့ကျေးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း