13 July 2026 2:25 PM

ထိတွေ့တိုက်ပွဲမှာ ဒဏ်ရာရပြီးပြန်လာတဲ့ စစ်ကောင်စီဘက်က ဗိုလ်၂ ဦး စခန်းထဲမှာသေဆုံး

0 4
0 4

ကောလင်း၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်ဘလူရွာနားက ထိတွေ့တိုက်ပွဲမှာ မိုင်းဆွဲခံရပြီးဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီဘက်က ဗိုလ်၂ ဦးကို အထိုင်စခန်းကို ပြန်သယ်လာပြီးနောက် မနေ့ကပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီဗိုလ် ၂ ဦးဟာ မိုင်းထိမှန်စဉ် ရခဲ့တဲ့ဒဏ်ရာတွေနဲ့ ဖေဖော်ဝါရီလ ၁၉ ရက်မနေ့က မနက်ပိုင်းမှာတင် ကိုးတောင်ဘို့အထိုင်စခန်းထဲမှာ သေဆုံးခဲ့ပြီး နေ့လည် ၁၂ နာရီလောက်မှာတော့ Mi17 တစီးနဲ့ အလောင်းလာသယ်သွားတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“ဗိုက်ကိုထိပြီး ဒဏ်ရာရခဲ့တာ၊ ကိုးတောင်ဘို့ရောက်မှ ဆုံးသွားတာ။ မိုင်းကွင်းမိတာပါ။ သူတို့က၊ တခါတည်းကျတဲ့ စစ်သားတွေကတော့ အဲ့ရွာက အိမ်တွေပေါ်မှာတင်ပြီး မီးရှို့ထားခဲ့တာ။ တကယ်တန်းကျ ဗိုလ်တွေမို့လို့ ပြန်ခေါ်ခဲ့တဲ့ပုံစံမျိုး။ ဟိုမှာက တပ်သားတွေလည်း ကျသေးတယ်လေ။ အရိုးတွေ တော်တော်များတယ်။ အကျများတာပေါ့” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက် မနက် ၈ နာရီလောက်က ကိုးတောင်ဘို့အထိုင်တပ်ကနေ အင်အား ၆၀ လောက်ရှိတဲ့ စစ်အုပ်စုဟာ တောင်ဘလူရွာကိုအဝင်မှာ မိုင်းဆွဲခံခဲ့ရတဲ့အပြင် ဒေသကာကွယ်ရေးတပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ထားတာကိုလည်း ခံခဲ့ရပါတယ်။

အဲ့ဒီအချိန်အတွင်းမှာပဲ စစ်ကောင်စီဘက်က ကောလင်းအနောက်ခြမ်း ရွာမက စစ်ကောင်စီတပ်သားတွေနဲ့ ရှမ်းနီတပ်တွေကို စစ်ကူခေါ်တဲ့အပြင် ဝန်းသိုတပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

တောင်ဘလူရွာတိုက်ပွဲမှာ ကိုးတောင်ဘို့အထိုင်တပ်ဖြစ်တဲ့ ခမရ ၃၆၃က ၂ ပွင့်ဗိုလ်တဦးနဲ့ ၃ ပွင့် ဗိုလ်တဦးအပါအဝင် စစ်သား ၁၀ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ ကနဦးသိထားရပြီး ဗိုလ်တွေနဲ့ပတ်သက်တဲ့ အချက်လက်တွေကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲကနေ စစ်ကူခေါ်ပြီး ပြန်လည်ဆုတ်ခွာလာချိန် လမ်းတလျှောက်မှာရှိတဲ့ စစ်ရှောင်တဲတိုက်တွေက ရွာသား ၂၀ လောက်ကိုလည်း ဓားစာခံအဖြစ်ဖမ်းသွားပြီး သေဆုံးပြည်သူတွေလည်း ရှိခဲ့တယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုလက်ရှိ စစ်ကူလာတဲ့ SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဟာ ကိုးတောင်ဘို့မှာ အင်အား ၃၀ ဝန်းကျင်ဖြည့်ထားခဲ့ပြီး အင်အား ၆၀ ဝန်းကျင်နဲ့ ကောလင်းဘက်ကို ပြန်ထွက်သွားပြီလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။