မြိုင်မြို့ပေါ် စီမံကိန်းရုံးကို စီးနင်းတိုက်ခိုက်မှု ရဲအုပ်အပါ ၁၂ ဦးအရှင်ဖမ်းမိပြီး PDF ၁ ဦး ကျဆုံး (ရုပ်/သံ)

0 26
0 26

မြိုင်၊ ဇူလိုင် ၁၁၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စီမံကိန်းဦးစီးဌာနရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ ရဲအုပ် ၁ ဦးအပါ ၁၂ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်ပကဖ) တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ဇူလိုင် ၉ ရက် မနက်အစောပိုင်း ၄ နာရီခွဲမှာ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ရှိတဲ့ အဆိုပါစီမံကိန်းရုံးကို စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တနေကုန်တိုက်ပွဲကြာမြင့်ခဲ့ကာ ည ၇ နာရီမှာ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ မြိုင်မြို့မရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်ကနေ စစ်ကောင်စီရဲ့အင်အားတွေ စစ်ကူထွက်တယ်၊ မနက် ၉ နာရီ ၁ ကြိမ်၊ နေ့လယ် ၁၂ နာရီ ၁ ကြိမ်၊ ညနေ ၄ နာရီကျော်မှာ ၁ ကြိမ်ထွက်တယ်၊ အဲ့ဒီထွက်လာတဲ့ စစ်ကူတွေကို ကျနော်တို့က အသင့်နေရာယူထားတာဆိုတော့ သူတို့စစ်ကူမထွက်နိုင်ဘူး၊ သူတို့ရမ်းသမ်းဖောက်တာပဲရှိပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ရဲအုပ် သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်းဇော်၊ ရဲတပ်ကြပ် ဇော်ဝင်းနိုင်၊ ရဲဒုတပ်ကြပ် တင်မျိုးထွန်း၊ ရဲဒုတပ်ကြပ် မင်းမင်းထွန်း၊ ရဲဒုတပ်ကြပ် သက်ကိုကို၊ ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲတပ်သား သန်းတိုးအောင်၊ ရဲတပ်သား မင်းမင်းဇော်၊ တပ်ကြပ် ဦးထွန်း၊ တပ်သား မျိုးနိုင်ဝင်း တို့ ၁၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာရရှိထားလို့ ဆေးကုသမှုပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းတို့ကိုင်ဆောင်တဲ့ လက်နက်ငယ် BA 63 (G3) ၁၀ လက်၊ MA 3 ၁ လက်၊ MA 4 ၁ လက်၊ M 79 ၁ လက်၊ ကျည်ဘောက် ၁၇ ခု၊ ကျည်မျိုးစုံ ၂၀၀ ကျော်၊ လက်ပစ်‌ဗုံး ၉ လုံး၊ ၄၀ မမဗုံးသီး ၆ လုံး၊ ကျည်ကာဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွေ့မန့် ၇ ခု၊ ငွေသား ၂၂ သိန်းတို့ကို သိမ်းဆည်း ရရှိခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲတွေအတွင်း မြိုင်ပကဖဘက်ကလည်း တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၊ ၇ ဦးဒဏ်ရာရရှိထားကာ တိုက်ပွဲဖြစ်ပွားချိန် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ပေမယ့် တပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

တိုက်ပွဲပြီးဆုံးပြီးနောက် ည ၈ နာရီလောက်မှာတော့ မြိုင်မြို့နယ်၊ သနပ်ရင်းကျေးရွာကို ပေါင် ၃၀၀ ဗုံး ၂ လုံး ထပ်မံကြဲချသွားတာကြောင့် အမျိုးသား ၁ ဦးနဲ့ ကလေးငယ် ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ညီနောင်သုံးဖော် (YSO)၊ တပ်ပေါင်းစု (Good Brother)၊ အညာဟီးရိုးလက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကျားတပ်ဖွဲ့(ဒရုန်း)၊ ကင်ဒို(ဒရုန်း)ပေါက်၊ အညာမြေပြောက်ကျားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA၊ Scorpion People Denfece Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

by MLAT 26 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။