စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီယာဉ်တန်းနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

0 2
0 2

စစ်ကိုင်း၊ ဇန်နဝါရီ ၂၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၂၂ ရက်မနေ့ကတရက်တည်းမှာပဲ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မုံရွာမြို့နယ်၊ တောပုကျေးရွာ ပျူစောထီးစခန်းကနေ ညောင်ဖြူပင်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ ပျူစောထီးအဖွဲ့တွေကို မနေ့ကမနက် ၈ နာရီခွဲမှာတိုက်ခိုက်ခဲ့တယ်လို့ Chaung U People’s Defence Force သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အင်အား ၂၅ ဦးခန့်ပါတဲ့ ပျူစောထီးအဖွဲ့ကို တောပုရွာနဲ့ ညောင်ဖြူပင်ရဲစခန်းအကြားမှာ မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို Chaung U People’s Defence Force၊ မုံရွာခရိုင် တပ်ရင်း၂၃၊ မုံရွာခရိုင် တပ်ရင်း ၂၅၊ မုံရွာခရိုင် တပ်ရင်း ၂၈၊ BLDF၊ Special Force 11၊ Importal Gurella force တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် တောပုရွာဘက်ကို ပြန် ဆုတ်ခွာသွားကြတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း ချောင်းဦး-မြင်းမူလမ်းပိုင်းတနေရာမှာ မနေ့ကညနေ ၃ နာရီလောက်မှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ တာဝန်ခံ ကိုမိုးကြိုးက ပြောပါတယ်။

ကွန်တိန်နာကားအပါအဝင် ကားအစီးရေ ၅၀ ကျော်ပါတဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားပေါ် ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲနဲ့အတူ Eleven People Defense Force၊ ဗိုလ်နိုင် လေပွေမုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Royal Tiger Force ( ဆားလင်းကြီး)၊ Nway Oo Brothers Column တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ရှေ့ဆက်သွားတဲ့ အဆိုပါ စစ်ကောင်စီယာဉ်တန်းကိုပဲ ချောင်းဦးမြို့နဲ့ နတ်ရေကန်ရွာ ကြားအရောက် အဲ့ဒီနောက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေနဂါးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တိုက်ခိုက်ရေးခေါင်ဆောင် က ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီနဲ့ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးမှုတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း မုံရွာမြို့ကနေ ဒေသခံတွေကို ဖမ်းခေါ်လာတဲ့ စစ်ကောင်စီ ကား ၂ စီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ ပါသေးတယ်။

စာတည်း – လင်း၊ တည်းဖြတ် – ငြိမ်းဇော်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။