10 July 2026 3:50 PM

⁨တာဂဏန်းရွာတိုက်ပွဲ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရပြီး PDF ၁ ဦးတိုက်ပွဲကျ (ရုပ်/သံ)

0 7
0 7

ရွှေဘို၊ နိုဝင်ဘာ ၁၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ဒေသကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ရွှေဘိုမြို့နယ်ပကဖက နိုဝင်ဘာ ၁၂ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်မှာ တာဂဏန်းရွာထိပ်မှာ အင်အား ၂၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကော်မရှင်အဖွဲ့ကိုတိုက်ခိုက်ခဲ့ရာကနေ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့်ဖြစ်ပွားပြီးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ တာဂဏန်းရွာထိပ်ကစစ်ကော်မရှင်တပ်သားတွေဟာ ရွှေဘိုဘက်ကို ဆုတ်ခွာထွက်ပြေးသွားတာကြောင့် အဆိုပါကျေးရွာအတွင်း နယ်မြေရှင်းလင်းချိန် ကင်းပုန်းဝပ်ကျန်နေတဲ့ စစ်ကော်မရှင်အဖွဲ့သားတွေနဲ့ထပ်မံတိုက်ပွဲဖြစ်ခဲ့တယ်လို့ ရွှေဘိုပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“ယာယီအထိုင်ချထားတဲ့နေရာကို ကျနော်တို့ဝင်စီးတော့ သူတို့နောက်ကိုဆုတ်သွားတယ်။ ရွှေဘိုဘက်ကိုပြန်ခေါက်တော့ ကျနော်တို့ဘက်က တရစပ်လိုက်ပစ်တာ အဲ့မှာမုဒ်ပေါက်ဘက်ကနေ လက်နက်ကြီးပစ်ကူပေးတာကျတော့ ကျနော်တို့ဘက်က လိုက်ကာကို ခဏနားလိုက်တော့ မုဒ်ပေါက်နဲ့လည်းနီးသွားတော့ဆက်မလိုက်တော့တာ။ ပြန်ခေါက်လာပြီး သူတို့တပ်စွဲနေရာကို ရှင်းလင်းရေးလုပ်တာ ကျည်နဲ့ဆက်စပ်ပစ္စည်းတွေသိမ်းရတာ”လို့ ရွှေဘိုပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသလို ရွှေဘိုမြို့နယ်ပကဖ အဖွဲ့ဝင် အသက် ၃၄ နှစ်အရွယ် ကျားမင်းဆိုသူကျဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျည်ဘောက်၊ ကျည် ၅၀၀ ကျော်၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖ တာဝန်ခံ၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်(PDO)တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်(၁၊၂၊၃၊၅)ပကဖတိုက်ခိုက်ရေးအဖွဲ့များ၊ ဒီပဲယင်းမြို့နယ် ဂဠုန်မင်းပကဖအဖွဲ့နှင့် နယ်မြေခံပကဖတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ တာဂဏန်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်ဘက်က ၅ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းများပြားက စစ်သုံ့ပန်း ၄ ဦးနဲ့လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့သလို PDF ပူးပေါင်းအဖွဲ့ဘက်ကလည်း ၂ ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။