မြောင်၊ ဩဂုတ် ၁၈၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မြောင်မြို့၊ မြို့သစ်ပိုင်းရှိ မြောင်မြို့မရဲစခန်းအနီး (မီတာ ၁၀၀ခန့်) ရှိ ဆံပင်ညှပ်ဆိုင်မှာ စစ်ကောင်စီတပ်ရဲ့ စနိုက်ပါတာဝန်ခံတပ်ကြပ်တဦး ပစ်သတ်ခံရတယ်လို့ စစ်ကိုင်းတိုင်း ပကဖ တပ်ရင်း ၃ တာဝန်ရှိသူတွေထံက သိရပါတယ်။
ပစ်သတ်ခံရသူက မြောင်မြို့မရဲစခန်း တာဝန်ကျ စနိုက်ပါတာဝန်ခံ တပ်ကြပ်ဇော်ကြီးဆိုသူဖြစ်ပြီး၊ ဩဂုတ်လ ၁၇ ရက်နေ့မနက် ၁၁ နာရီခန့်က သွားရောက်ဖမ်းဆီးချိန်မှာ ထွက်ပြေးသွားလို့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူက မြောင်စခန်းမြောက်ဘက်က ဆံပင်ညှပ်ဆိုင်ကြီးတဆိုင် ရှိတယ်။ အဲမှာခေါင်းလျှော်နေတယ် သတင်းရလို့ အတိုနဲ့ဝင်ပြီး ထောက်ပြီး ခေါ်တာ။ သူကရုန်းရင်းဆန်ခတ်လုပ်ပြီး ထွက်ပြေးတော့ အရှည်နဲ့ ၆ ချက်လောက် ပစ်ခတ်ရှင်းလင်းလိုက်တယ်”လို့ Myaung Ogre Column တာဝန်ရှိသူက ပြောပါတယ်။
တပ်ကြပ်ဇော်ကြီးကို ပစ်ခတ်ပြီးနောက် သူဆီကနေ ဆိုင်ကယ်တစီး၊ မှတ်တမ်းစာအုပ်တအုပ်၊ ငွေသား ၁၃၀၈၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ဆံပင်ညှပ်ဆိုင်ပိုင်ရှင် အပါအဝင် အနီးအနားက ပြည်သူ ၁၅ ဦးခန့်ကို စစ်ကောင်စီဘက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးပြီးနောက် ညနေပိုင်းမှာ တချို့ကပြန်လွတ်လိုက်ပြီး ၁၀ ဦးကိုတော့ ဒီကနေ့မနက်ပိုင်းအထိ ဖမ်းဆီးထားစဲလို့ သိရပါတယ်။