မင်းတုန်း၊ နိုဝင်ဘာ ၁၇၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကံမနိုင်ကျေးရွာနဲ့ ကြိုးဝကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး၊ အမျိုးသား ၁ ဦးဒဏ်ရာရတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
နိုဝင်ဘာလ ၁၆ ရက် နေ့လည် ၁ နာရီခန့်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စီးဟာ ကံမနိုင်ရွာထဲကို ဗုံး ၂ လုံးကြဲပြီးနောက် ကြိုးဝရွာပြင်အစပ်ကို ဗုံး ၂ လုံးထပ်မံကြဲချခဲ့တာလို့ ဆိုပါတယ်။

“ကံမနိုင်ရွာက လူတွေက သူအိမ်မှာသူ နေနေကြရင်းကနေ ထိကြတာ။ အမျိုးသမီးကတော့ သူနေတဲ့နေရာကိုကျတော့ နေရာမှာတင် ဆုံးတာ။ ကြိုးဝကျတော့ ရွာပြင်နားကျတာဆိုတော့ လူထိခိုက်မှုမရှိပဲ အဆောက်အဦးတခု ပျက်စီးတာရှိတယ်။”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
ဗုံးထိမှန်လို့ ကံမနိုင်ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဒေါ်အေးနွယ်ဝင်း သေဆုံးပြီး၊ ဒဏ်ရာရရှိသူ အသက် ၄၆ နှစ်အရွယ် ဦးထွန်းထွန်းနိုင်ကတော့ မျက်နှာဗုံးစမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး နေအိမ် (၅)လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရပြီးနောက် ကံမနိင်ရွာနဲ့ ကြိုးဝကျေးရွာက ပြည်သူတွေဟာ နောက်ထပ် ဗုံးလာကြဲမှာ စိုးရိမ်ကာ နေအိမ်တွေမှာ မနေရဲတော့ပဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာနဲ့ ငှက်ပျင်းကျေးရွာအကြားမှာ လမ်းသွားနေသူတွေ စက်တပ်လေထီးက ကြဲချတဲ့ ဗုံးထိမှန်လို့ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

