ဆိပ်ဖြူ၊ ဩဂုတ် ၂၅၊ ၂၀၂၆။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာအုပ်စု၊ အင်ကျင်းပင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ လမ်းကကောက်ရလာတဲ့ ဗုံးသီးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကိုရင် ၂ ပါး ပျံလွန်တော်မူပြီး၊ ၆ ပါးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့မနက် ၁၀ နာရီခန့်က ဆွမ်းခံဆင်းပြီး ပြန်လာတဲ့ကိုရင်လေးတွေက မပေါက်ကွဲသေးတဲ့ ၄၀ မမဗုံးသီးတလုံးကို တွေ့လို့ ကောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကိုရင်လေးတွေက တနေရာကကောက်လာပြီး ဆော့ကြတာ။ ၂ ပါးကတော့ နေရာမှာ ပျံလွန်တော်မူတာ။ လယ်ကွင်းထဲက ကောက်လာတာလို့တော့ သိရတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးသီးပေါက်ကွဲတာကြောင့် အသက် ၁၄ နှစ်အရွယ် ကိုရင် ဝင်းမင်းအောင်နဲ့ အသက် ၁၃ နှစ်အရွယ် ကိုရင် အောင်သက်ပိုင်တို့ နေရာမှာပင် ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ၅ နှစ်အရွယ် ကိုရင် အောင်ချစ်မိုး၊ ၁၁ နှစ်အရွယ်၊ ကိုရင် ဇင်မျိုးအောင်၊ ၁၂ နှစ်အရွယ် ကိုရင် အောင်သစ်၊၊ ၁၆ နှစ်အရွယ် ကိုရင် သိန်းထူးအောင်၊ အသက် ၂၂ နှစ်အရွယ် ကိုရင်ကြီး ဇော်မျိုးအောင်နဲ့ အသက် ၅ နှစ်အရွယ် ဘုန်းကြီးကျောင်းသား မောင်ဟိန်းထက်တို့ ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။
ဗုံးသီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာဆေးခန်းကို ပို့ဆောင်ပြီးဆေးကုသနေရသလို ပျံလွန်တော်မူသွားတဲ့ ကိုရင် ၂ ပါးကိုတော့ နာရေးပြုလုပ်နိုင်ဖို့ စီစဥ်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကလည်း စလင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှာ လမ်းက ကောက်ရလာတဲ့ နင်းမိုင်းကို တံစဥ်နဲ့ ကလော်ဖွင့်ရာမှ မိုင်းပေါက်ကွဲပြီး ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။