မြောင်၊ ဩဂုတ် ၂၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ လှေတင်ဦးကျေးရွာထဲက ဒေသခံပြည်သူတွေ စုဝေးပြီး အင်တာနက်သုံးနေတဲ့ စတားလင့်ဆိုင်ကို ဗုံးကြဲခံရလို့ ၂ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့ညနေ ၆ နာရီခန့်က တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီးဟာ ကျေးရွာထဲကို ဗုံး ၃ လုံးနဲ့ ကျေးရွာအနီးတဝိုက်ကို ဗုံး ၃ လုံးကြဲချသွားတာလို့ ပြောပါတယ်။

“ရွာထဲကိုချတော့ စတားလင့်သုံးတဲ့နေရာနားကျတာ။ အဲဒါဆိုတော့ ဒဏ်ရာရများတာ။ စတားလင့်ဆိုင်ပိုင်ရှင်ပါ သေသွားတယ်။ ဒဏ်ရာရထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါတယ်။”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဗုံးကြဲခံရမှုကြောင့် အသက် ၂၀ ကနေ ၃၀ ကြားရှိ စတားလင့်ဆိုင်ပိုင်ရှင် အမျိုးသားနဲ့ နောက်ထပ်အမျိုးသမီးတဦးတို့ နေရာမှာပင် သေဆုံးသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင်အသက် ၁၀ နှစ်အောက် ကလေးငယ် ၅ ဦး၊ အသက် ၂၀ ကနေ ၆၀ ကြားရှိ အမျိုးသား အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၁၉ ဦးဒဏ်ရာရသွားသလို စတားလင့်ဆိုင်အပါအဝင် အဆောက်အဦး ၇ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲခံရပြီးနောက် ကျေးရွာနေပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင် နေရတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရဲ့ အချက်အလက်တွေကို တိတိကျကျမကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၃ ရက်နေ့ကလည်း မြောင်မြို့နယ်၊ နဘတ်ကျေးရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့သေးတယ်လို့သိရပါတယ်။