မကွေး၊ ဩဂုတ် ၂၀၊ ၂၀၂၆။
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကန်ဦးကျေးရွာမှာ အရက်ကြောင် ကြောင်နေတဲ့ ဖခင်ဖြစ်သူက အသက် ၅ နှစ်အရွယ် သားဖြစ်သူကို ရိုက်နှက်ရာမှ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့မနက် ၈ နာရီခန့်က အဆိုပါကျေးရွာနေ အသက် ၃၄ အရွယ် ဖခင်ဖြစ်သူ ကျော်သူလင်းဆိုသူက အသက် ၅ နှစ်အရွယ် သားဖြစ်သူကို ရွာအပြင်ခေါ်ထုတ်သွားပြီးနောက် သားဖြစ်သူမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
“ရွာခံတွေပြောပြချက်အရ ဖအေလုပ်တဲ့သူက အရက်ကြောင် ကြောင်နေတာ။ ကလေးကိုခေါ်သွားပြီး ကိုင်ပေါက်တာ၊ လည်ပင်းညှစ်တာနဲ့ တုတ်နဲ့ ရိုက်နှက်တာတွေ လုပ်ခဲ့တာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဖခင်ဖြစ်သူရဲ့ ရိုက်နှက်တာကိုခံရလို့ ကလေးငယ်မှာ ဦးခေါင်း၊ လည်ပင်းနဲ့ နဖူးအပါအဝင် ခန္ဓာကိုယ်တွေမှာ ဒဏ်ရာတွေရရှိပြီး နေရာမှာပင် သေဆုံးသွားတာလို့ ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်ရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် လိုအပ်တဲ့စစ်ဆေးမှုပြုလုပ်ကာ နေအိမ်ကို ပြန်ပို့လိုက်ကြတယ်လို့ သိရပါတယ်။
ဖခင်ဖြစ်သူမှာ အရက်သေစာကို နေ့စဉ်သောက်ပြီး မူးလာတိုင်း အိမ်ရှိမိသားစုဝင်တွေကို ပြဿနာရှာပြီး အကြောင်းမဲ့ ရိုက်နှက်တတ်သူလို့လည်း သိရပါတယ်။
သားဖြစ်သူကို သေစေအောင် ရိုက်နှက်ခဲ့တဲ့ ဖခင်ဖြစ်သူကိုတော့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတွေက ဖမ်းဆီးပြီး မကွေးရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။