နတ်တလင်း၊ အောက်တိုဘာ ၁၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အနီး မကျီးပင်ကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်ညနေ ၆ နာရီခွဲမှာ ရွှေတောင်မြို့ဘက်ကတက်လာတဲ့ စက်တပ်လေထီး ၂ စီးဟာ မကျီးပင်ကျေးရွာထဲကို ဗုံး ၄ လုံးကြဲချခဲ့ရာ ၁ လုံးဟာ ပြည်သူနေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ဘုန်းကြီးကျောင်းရှင်းလင်းဆောင်နားက ရွာသားတွေနေတဲ့ နေအိမ်ပေါ်ကျတာ။ ကျားချည်ပဲ။ ၁ ဦးကနေရာမှာ ပွဲချင်းပြီးပဲ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ခုလို ဗုံးကြဲခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး အသက် ၃၀ ကျော်နဲ့ ၁၄ နှစ်အရွယ် အမျိုးသား ၂ ဦးတို့ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ချင်းစုကျေးရွာနဲ့ကိုင်းကြီးကျေးရွာကို စစ်ကော်မရှင်တပ်သားတွေက ဂျိုင်ရိုကော်ပတာနဲ့ဗုံးကြဲချလို့ ပြည်သူ ၃ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း
 
				 
								 
                         
                        

 
                         
                         
                         
                         
                         
                         
                        