13 July 2026 1:25 AM

မုန်းမှာ ထင်းခုတ်သွားတဲ့အမျိုးသား မြေမြှုပ်မိုင်းထိသေဆုံး

0 7
0 7

ကျောက်ကြီး၊ စက်တင်ဘာ ၂၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ရေအိုးစင်ကျေးရွာအနီးမှာ ထင်းခုတ်သွားတဲ့အမျိုးသား မြေမြှုပ်မိုင်းထိပြီး သေဆုံးသွားတယ်လို့ ကူညီလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။

မိုင်းထိသေဆုံးသူဟာ မုန်းမြို့၊ အမှတ် ၄ ရပ်ကွက်နေ အသက် ၅၀ အရွယ် ဦးအောင်ဘုဆိုသူဖြစ်ပြီး စက်တင်ဘာ ၂၈ ရက် ညနေ ၃ နာရီခန့်မှာ နေအိမ်ကနေ ရေအိုးစင်ကျေးရွာဘက် ထင်းကောက် အသွား မြေမြှုပ်မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

“လာပို့သူတွေအပြောအရတော့ ထင်းသွားခွေတယ်ပြောတယ်။ သူ့ရပ်ကွက်ကနေ ရေအိုးစင် ကျေးရွာနား သင်္ချိုင်းကုန်းနားမှာ သွားရင်းထိတာ။ “လို့ ကူညီပေးခဲ့သူတဦးကပြောပါတယ်။

မိုင်းထိလူနာကို မုန်းကနေ တောင်ငူမြို့အထိ ဘေးတွဲဆိုင်ကယ်နဲ့မောင်းလာရတာ၊ လမ်းခရီးကြမ်းတာ ကြောင့် သွေးထွက်လွန်ပြီးသေဆုံးသွားတာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

မိုင်းထိလို့ ကိုအောင်ဘုရဲ့ ခြေထောက်နှစ်ဖက်စလုံးမှာ ပြတ်ထွက်ပြီး အသားစတွေဖွာလန်ကြဲ ဒဏ်ရာရခဲ့ကာ ဒေသခံတွေက ဘေးတွဲဆိုင်ကယ်နဲ့ တောင်ငူဆေးရုံပို့ခဲ့ရာ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တာပါ။

မုန်းမြို့နဲ့အနီး ကျေးရွာတွေတဝိုက်မှာ စစ်ကော်မရှင်တပ်ရော KNLA ပူးပေါင်းတပ်တွေဘက်ကလည်း လှုပ်ရှားသွားလာနေတာဖြစ်လို့ ခုနင်းမိတဲ့ မြေမြှုပ်မိုင်းဟာ ဘယ်အဖွဲ့အစည်းဘက်ကထောင်ထားတဲ့ မိုင်းဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ကိုအောင်ဘုရဲ့အလောင်းကိုတော့ မိသားစုဝင်တွေက နေအိမ်ပြန်မသယ်တော့ဘဲ စက်တင်ဘာ ၂၉ ရက်ညနေမှာပဲ တောင်ငူမြို့မှာ သဂြိုလ်သွားမယ်လို့သိရပါတယ်။

ဇွန် ၅ ရက်ကလည်း ထန်းတပင်မြို့နယ်၊ ရွှေအင်းမကျေးရွာမှာ မိသားစုဝမ်းရေးအတွက် အင်ဥထွက်ကောက်တဲ့ အမျိုးသား မိုင်းထိလို့ ခြေထောက်ပြတ်သွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။