အုတ်ဖို၊ မေ ၁၉၊ ၂၀၂၅။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဇနီးဖြစ်သူကိုသေဆုံးတဲ့အထိ သတ်ဖြတ်ပြီးထွက်ပြေးသွားတဲ့အမျိုးသားကို ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ ဆီက သိရပါတယ်။
ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာကျေးရွာမှာနေထိုင်တဲ့ အသက် ၃၀ အရွယ်ကိုမိုးသဲ ဆိုသူဟာ ဇနီးဖြစ်သူ ၂၈ နှစ်အရွယ် မပူတူးကို မေ ၁၇ ရက်နေ့လယ် ၁ နာရီခန့်မှာဓါးနဲ့ခုတ်သတ်ပြီး ထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။
“ဘာကြောင့်သတ်တယ်ဆိုတာမျိုးတော့ တိတိကျကျမပြောဘူး။ စကားများရင်းကသတ်တာတဲ့။ ဘာစကားများလဲမသိရဘူး ကောင်မလေးမိသားစုကတော့သေဒဏ်ပေးဖို့တောင်းဆိုနေတယ်”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ မှတာဝန်ရှိသူတဦးက ပြောပါတယ်။
မပူတူးမှာ ဘယ်ဖက်လက်ပိုင်းပြတ်ဒဏ်ရာ၊ ဘယ်ဖက်ပခုံး ဓားခုတ်ဒဏ်ရာတွေနဲ့သွေးထွက်လွန်ပြီး နေအိမ်အတွင်းမှာသေဆုံးခဲ့တာလို့ သူကဆက်ပြောပါတယ်။

ကိုမိုးသဲဟာ သူ့ရဲ့ဖခင်နာရေးကိုပြုလုပ်ပေးပြီးနောက် နေအိမ်ကိုပြန်ရောက်ချိန် မပူတူးနဲ့ စကားများရာက ဓားမနဲ့ ခုတ်သတ်လိုက်တာလို့ ကိုမိုးသဲရဲ့ထွက်ဆိုချက်ကို ကိုးကားပြီး အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
မပူတူးကိုသတ်ကာထွက်ပြေးသွားပြီးနောက် အဲ့ဒီနေ့ ညနေ ၅ နာရီကျော်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ တပ်ဖွဲ့ဝင်တွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ကိုမိုးသဲ ကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ ရဲ့စခန်းမှာ ထိန်းချုပ်ထားပြီး ၎င်းကိုအမှတ်(၂)စစ်ဒေသကနေတဆင့် NUG ဆီကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – အောင်စိုး၊ စာတည်း – လင်း