ရွေးကောက်ပွဲမဲထည့်ဖို့ ပြည်သူတွေကိုဖိအားပေးနေတဲ့ သာယာဝတီခရိုင်က စစ်ကော်မရှင်အုပ်စုတွေကို ထိရောက်စွာအရေးယူမယ်လို့ဆို

0 16
0 16

မြေလတ်အသံ၊ သြဂုတ် ၂၇၊၂၀၂၅။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်မှာ စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူလူထုကို ဖိအားပေးခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သြဂုတ်လပထမအပတ်ကစတင်ပြီး သာယာဝတီခရိုင်မြို့နယ်တွေဖြစ်တဲ့ သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ မိုးညို၊ ကြို့ပင်ကောက် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စစ်ကော်မရှင်လက်အောက်ခံ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြည်သူတွေရွေးကောက်ပွဲမှာပါဝင်ဖို့ ဖိအားပေးနေတာလို့ ပြည်သူတွေရဲ့သတင်းပေးပို့ချက်ကို ကိုးကားပြီး သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၂မှတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

” မိုးညိုဖက်မှာဆိုရင် တော်တော်များများလုပ်နေတယ်။ မှတ်ပုံတင်နံပါတ်တို့၊ လူဦးရေစာရင်းတို့ကို တအိမ်တက်၊ တအိမ်ဆင်း လိုက်လံကောက်ယူတယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ မဲထည့်ရမယ်၊ မဲမထည့်ရင် စစ်မှုထမ်းလိုက်ရမယ်။ ပိုက်ဆံတွေပေးရမယ်ဆိုလို့ ဖိအားပေးခြိမ်းခြောက်နေတာ” လို့ သူ က ပြောပါတယ်။

ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အားပေးအားမြှောက်ပြုလုပ်ပေးနေသူတွေကို ထိရောက်စွာအရေးယူသွားမှာဖြစ်ပြီး ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းတွေ၊ ပြည်သူတွေအနေနဲ့လည်း ပါဝင်ပတ်သက်တာတွေ မလုပ်ဆောင်ကြဖို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က သြဂုတ် ၂၇ ရက်မှာ အသီးသီးထုတ်ပြန်ထားပါတယ်။

” စစ်ကော်မရှင်ကလည်း ရွေးကောက်ပွဲအတွက် အားစိုက်နေတယ်။ ကျနော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး တားဆီးကာကွယ်နိုင်ဖို့ စီစဥ်နေပါတယ်။ သာယာဝတီခရိုင်ကို ၃ ကြိမ်ခွဲပြီး ၃ နေရာမှာ ရွေးကောက်ပွဲကျင်းပမယ်လို့သိရတယ်”လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်မယ့်သူတွေကို ထိရောက်စွာအရေးယူသွားမယ်လို့ မန္တလေးတိုင်းနဲ့ မကွေးတိုင်းရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တချို့ကလည်း သြဂုတ်လပထမအပတ်မှာ စာထုတ်ပြန်ပြီးသတိပေးထားသလို ချင်း၊ ကချင်၊ ကရင်နီ၊ ရခိုင်၊ မွန် စတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အဖွဲ့အစည်းတွေဘက်ကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြောဆိုထားပါတယ်။

စစ်ကော်မရှင်လက်အောက် ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ ပြုလုပ်သွားမယ်လို့ကြေညာထားပြီး အပိုင်း ၁ ကို မြို့နယ် ၁၀၂ ခုမှာ လာမယ့်ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ်လို့ ဆိုထားပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။