သာယာဝတီမှာ လေဆင်နှာမောင်းတိုက်လို့ စာသင်ကျောင်းနဲ့ နေအိမ် ၃၇ လုံး ပျက်စီး

0 22
0 22

သာယာဝတီ၊ ဇူလိုင် ၂၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သိုက်တောကျေးရွာနဲ့ဖားအင်းကျေးရွာမှာ လေဆင်နှာမောင်းတိုက်ခတ်သွားလို့ လူနေအိမ် ၃၇ လုံးနဲ့ စာသင်ကျောင်းပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

ဇူလိုင် ၂၅ ရက် ယမန်နေ့ မနက် ၁၀ နာရီလောက်မှာ သိုက်တောကျေးရွာကို လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်သွားပြီးတဲ့နောက် ရွာချင်းကပ်လျက်ရှိတဲ့ ဖားအင်းကျေးရွာကိုလည်း တိုက်ခတ်သွားတာလို့ ဆိုပါတယ်။

” လေဆင်နှာမောင်းဝင်တာလို့တော့ သိရတယ်။ စာသင်ကျောင်းတွေပိတယ်။ အိမ်တွေအမိုးလန်တယ်။ ၄ အိမ်ကတော့ လုံးဝပြိုသွားတယ်။ လူထိခိုက်တာတော့မရှိဘူး” လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သိုက်တောကျေးရွာက နေအိမ် ၄ လုံး ပြိုကျပျက်စီးတာအပါ လူနေအိမ် ၂၇ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်းပျက်စီးခဲ့ပြီး ဖားအင်းကျေးရွာက နေအိမ် ၉ လုံး အမိုးလန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ ဒေသခံတွေဟာ ဆွေမျိုးနေအိမ်တွေနဲ့ကျေးရွာဘုန်းကြီးကျောင်းတွေမှာ မှီခိုနေထိုင်နေရပြီး နေအိမ်အပျက်အစီးတွေကို ရွာခံတွေနဲ့ဒေသလူမှုကူညီရေးအသင်းဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှင်းလင်းပေးနေကြပါတယ်။

နေအိမ်နဲ့စာသင်ကျောင်းထိခိုက်ပျက်စီးမှုတွေကိုတော့ စစ်ကောင်စီလက်အောက်အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ကြက်ခြေနီတွေက စာရင်းကောက်ယူသွားပေမယ့် ဇူလိုင် ၂၆ ရက် ဒီကနေ့မနက်ပိုင်းအထိ ကူညီထောက်ပံ့တာတွေမရှိသေးဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၂၄ ရက်ကလည်း သနပ္ပင်မြို့နယ်၊ ကုလားချောင်းကြီးကျေးရွာမှာ လေဆင်နှာမောင်းတိုက်လို့ နေအိမ် ၅၀ ကျော်ပျက်စီး လူ ၅ ဦးဒဏ်ရာရတယ်လို့သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။