13 July 2026 1:50 AM

သမချေးငွေ ပြန်မဆပ်လို့ဆိုကာ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရ

0 1
0 1

သာယာဝတီ၊ ဧပြီ ၂၇၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ ရေမီးနင်းကျေးရွာက ပြည်သူ ၇ ဦးအပါအဝင် ကျေးရွာ ၅ ရွာက လူ ၃၀ ကျော်ကို သမချေးငွေ ပြန်မဆပ်လို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၆ ရက်မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီလက်အောက် သမဝါယမဦးစီးမှူးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရေမီးနင်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်မှာ သမချေးငွေ ယူထားတဲ့သူတွေကို ခေါ်ယူပြီးနောက် ချေးငွေဆပ်ခိုင်းကာ မပေးနိုင်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့လာတဲ့အချိန် အလုပ်တွေ သွားနေကြလို့ မရှိကြတာ များတယ်။ ၁၀ ယောက်လောက်ပဲ သွားတာ။ အဲဒါကို ရောက်တာနဲ့ ချက်ချင်း ချေးငွေဆပ်။ မဆပ်နိုင်တဲ့သူတွေကို ထော်လာဂျီပေါ်တင်ပြီး ဖမ်းသွားတာ။ ငွေချက်ချင်း မပေးနိုင်တဲ့သူ ၇ ယောက် ပါသွားတယ်။ အခြားရွာကသူတွေကိုလည်း ရှေ့ရက်တွေမှာ အဲလိုပဲလုပ်ပြီး ဖမ်းဆီးထားတာမျိုးလည်း ရှိတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရေမီးနင်းကျေးရွာ ဒေသခံ ဦးလှကြိုင်၊ ဦးဖြူအောင်၊ ဒေါ်စန်းဌေး၊ ဦးဖိုးလုံး၊ ဒေါ်မိုးခိုင်၊ ဒေါမြင့်မြင့်ခိုင်၊ ဒေါ် ကြီးမတို့ ၇ ဦးဖြစ်ပြီး သာယာဝတီ မြို့မရဲစခန်းကို ဖမ်းဆီးသွားလို့ မိသားစုဝင်တွေက ချေးငွေပိုက်ဆံပေးဆပ်ကာ ၆ ဦးကို ပြန်လည်ရွေးထုတ်လာရတယ်လို့ ဆိုပါတယ်။

အလားတူ စံရွေး၊ ရွှေညောင်ပင်၊ ဖားရွှေကျော်ရွာတွေအပါအဝင် ကျေးရွာ ၅ ရွာလောက်က ဒေသခံ ၃၀ ကိုလည်း သမချေးငွေ ပြန်မဆပ်လို့ဆိုကာ အခုဧပြီလထဲမှာပဲ သာယာဝတီ မြို့မရဲစခန်း အချုပ်ထဲမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

“ခု ချေးငွေက ၂၀၁၅ -၂၀၁၆ လောက်ကတည်းက ချေးထားတဲ့ငွေပါ။ တရုတ်နဲ့ ဖက်စပ်လုပ်ထားတဲ့ ချေးငွေပေါ့။ အဲတုန်းကတော့ လတိုင်းသတ်မှတ်နှုန်းနဲ့ ပြန်ဆပ်ကြတယ်။ ကိုဗစ်နဲ့ နိုင်ငံရေးဖြစ်တော့ သူတို့လည်း ရွာလာမကောက်တော့ဘူး။ ခုကျမှ ချက်ချင်းကြီးရောက်လာပြီး ချေးငွေဆပ်ရမယ်။ မပေးရင် ဖမ်းမယ်ဆိုတာ ဖြစ်လာတာ။ သူတို့ကို ပေးဆပ်ဖို့ ကျန်တာက ၇ သောင်းကျော်ပဲ။ ခုက အတိုးနဲ့ဆိုပြီး တသိန်းရှစ်သောင်းကျော်အထိ ဖြစ်သွားတာ” လို့ ပြောပါတယ်။

သမချေးငွေပြန်ဆပ်ဖို့ သက်ဆိုင်ရာဌာနက ချေးငွေယူထားတဲ့ ဒေသခံတွေဆီ စာပို့အကြောင်းကြားတာမျိူးတွေမရှိဘဲ ချေးငွေ ပြန်မဆပ်သူတွေကို ဖမ်းဆီးနေတာကြောင့် ချေးငွေ ပြန်မဆပ်နိုင်သေးတဲ့ ဒေသခံတွေဟာ တိမ်းရှောင်ထွက်ပြေးနေရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ သမချေးငွေကို ကျေးရွာတွေမှာ ဒေသခံတွေ ၅ ဦး၊ ၁၀ ဦးအဖွဲ့တွေ စုပေါင်းကာ ဝိုင်းကြီးချုပ်စနစ်နဲ့ ချေးယူကြပြီး တဦးလျှင် တသိန်းကျပ် ရရှိကာ တနှစ်အတွင်း အတိုးအရင်းပေါင်း ခွဲဆပ်ကြရတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။