မြေလတ်အသံ၊ ဒီဇင်ဘာ ၅၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မှာ ဒေသခံတွေကို စစ်ကော်မရှင်တပ်က လိုက်လံဖမ်းဆီးရာ ဒီဇင်ဘာ ၄ ရက် ၁ ရက်တည်းမှာ အမျိုးသား ၁၅ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီဇင်ဘာ ၄ ရက်မနက်ပိုင်းကစပြီး အင်အား ၃၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်နဲ့ရဲတပ်သားတွေက သဖန်ရွာ၊ ရှားတောရွာ၊ ရွှေဖလားကန်ရွာ၊ တဲစုရွာ၊ သုံးဒေါင့်အိုင်ရွာ၊ ဖိုကုန်းရွာ၊ ရုံးပင်ကုန်းရွာတို့ကို ညနေ ၅ နာရီကျော်အထိ တရွာဝင်တရွာထွက် ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
“စစ်ကား ၃ နဲ့ဝင်ဆွဲတာ။ တရွာဝင် တရွာထွက်ပေါ့။ ၁၅ ရွာလောက်ကို ဝင်ဆွဲတာ။ အဲ့မှာ ကျောင်းသွားကြိုသူတွေနဲ့ လမ်းပေါ်သွားလာနေသူတွေ အဖမ်းခံရတာပါ။ သိရသလောက်တော့ အဲ့ဘက်ကရွာတွေအကုန်မွှေသွားတာ”လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၁၅ ဦးမှာ အသက် ၂၀ နဲ့ ၄၀ အရွယ်ရှိကြတဲ့ သဖန်ရွာမှ ၇ ဦး၊ ရှားတောမှ ၃ ဦး၊ ရွှေဖလားကန်မှ ၁ ဦး၊ တဲစုရွာမှ ၄ ဦးတို့ဖြစ်ကြပြီး ၎င်းတို့ကို ပင်းတလဲရဲစခန်းမှ ရဲတပ်သားတွေနဲ့ စစ်ကော်မရှင်တပ်သားတွေက ပူးပေါင်းဖမ်းဆီးခဲ့တာလို့ သူကဆိုပါတယ်။
“သုံးဒေါင့်အိုင်၊ ဖိုကုန်း၊ ရုံးပင်ကုန်းရွာတွေမှာလည်း ပါသွားတဲ့သူတွေ အတော်များတယ်။ လူဦးရေအတိကျမသိရဘူး။ အိမ်မှာအိပ်နေတဲ့လူပါ ခေါ်သွားတာတဲ့”လို့ သူကဆိုပါတယ်။
အဆိုပါဖမ်းဆီးခံရသူ ၁၅ ဦးကို ဝမ်းတွင်းမြို့၊ မြို့နယ်ထွေ/အုပ်ရုံးမှာထိန်းသိမ်းခဲ့ပြီးနောက် အဲဒီကနေတဆင့် ဒီဇင်ဘာ ၅ ရက်ဒီကနေ့မနက်ပိုင်းမှာ မိတ္ထီလာမြို့ပေါ်ကို ပြောင်းရွှေ့ခေါ်ဆောင်သွားခဲ့တယ်လို့ သိရှိထားရကြောင်း အထက်ပါအမျိုးသားကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၆ ရက်နဲ့ ၅ ရက်ကလည်း ဝမ်းတွင်းမြို့နယ်၊ ကျောင်းကုန်းရွာမှ ၁ ဦး၊ ရွာသစ်ရွာမှ ၂ ဦး၊ သစ်ပလွေကန်မှ ၂ ဦး စုစုပေါင်း ၅ ဦးတို့ကိုဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲက ၁ ဦးသာ ပြန်လွတ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စာတည်း – လင်း
