မြေလတ်အသံ၊ ဇန်နဝါရီ ၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ် ၄ ခုကို ဇန်နဝါရီပထမပတ်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါးအပါအဝင် ၅ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ခင်ဦးမြို့နယ်၊ မြောင်မြို့နယ်နဲ့ မကွေးတိုင်းအတွင်းက ဂန့်ဂေါမြို့နယ်၊ ဆောမြို့နယ်တို့ကို ဇန်နဝါရီ ၄ ရက်ကနေ ၆ ရက်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

မကွေးတိုင်းထဲက ဂန့်ဂေါမြို့နယ်နဲ့ ဆောမြို့နယ်၊ ကျောက်ထုမြို့ မြောက်ဘက်တို့ကို စစ်ကော်မရှင်တပ်က ၃ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါးပျံလွန်တော်မှုပြီး စပါးတင်း ၆၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ဇန်နဝါရီ ၄ ရက်မနက် ၉ နာရီကျော်မှာ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာ ဘုန်းကြီးကျောင်းဝန်းထဲကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာ ၁ ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်။
“တောင်ခင်ရန်းရွာ ဘုန်းကြီးကျောင်း ပုန်းခိုကျင်းထဲမှာ ဝင်ပုန်းနေတဲ့ ကိုရင်ကြီး ၁ ပါး နှလုံးရပ်ကာ ပျံတော်မူသွားတာပါ။ ကျောင်းဆောင်တွေလည်း ပျက်စီးခဲ့တယ်” လို့ ဂန့်ဂေါဒေသခံ အမျိုးသားတဦးကပြောပါတယ်။

ဇန်နဝါရီ ၅ ရက်မနက် ၁ နာရီကျော်မှာ အထက်ပါတောင်ခင်ရန်းရွာကိုပဲ တပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တွေနဲ့ စပါးတိုက် ၂ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၆ ရက် ဒီမနက်ပိုင်းမှာလည်း ဆောမြို့နယ်၊ ကျောက်ထုမြို့မြောက်ဘက်ရှိ ရွာတွေဘက်ကို ထောက်ပို့လေယာဥ် Y-12 နဲ့ ဗုံးအလုံးရေဆယ်ချီ ကြဲချတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုအတွင်း လူအထိခိုက်မရှိခဲ့ဘူးလို့ ဂန့်ဂေါဒေသခံအမျိုးသားတဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်က ယောဒေသကို နေ့စဥ်ဆိုသလို လေယာဥ်တွေနဲ့ ဗုံကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေကို တူးဖော်ထားပြီး လေကြောင်းအန္တရာယ်သတိပေးထားချက်တွေကို အထူးဂရုပြုလိုက်နာကြဖို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက သတိပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာအပြင်ဘက် စစ်ရှောင်တွေနေတဲ့နေရာကိုလည်း ဇန်နဝါရီ ၅ ရက်ည ၈ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၁ လုံးကြဲခဲ့တာကြောင့် အသက် ၃၀ အရွယ်နို့တိုက်မိခင် ၁ ဦးနဲ့ အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပကတာဝန်ခံက ပြောပါတယ်။
“လမ်းဘေးတွေမှာ စစ်ရှောင်နေရင်း စျေးဆိုင်ရောင်းနေတဲ့တဲပေါ်ကို ကျတာ။ စစ်ရှောင်ယာယီတဲ။ မိုးကာတွေနဲ့နေတဲ့တဲ။ မိသားစု ၃ ဦးက ပျက်စီး(သေတယ်)။ ဒဏ်ရာရများတယ်။ “လို့ ခင်ဦးမြို့နယ် ပကဖတာဝန်ခံက ပြောပါတယ်။
တဆက်တည်းမှာပဲ တဲအနီးဝန်းကျင်နေ အခြားစစ်ဘေးရှောင် ကလေးငယ် ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရပြီး ညတွင်းချင်းနီးစပ်ရာ ဆေးပေးခန်းတွေကိုရွှေ့ပြောင်းပြီး ဆေးကုသပေးနေရတယ်လို့ ဆိုပါတယ်။

ကုန်းကြီးကျေးရွာဝန်းကျင်မှာ စစ်ဘေးရှောင်နေသူ ၂၀၀ ခန့်ရှိပြီး ထိခိုက်သေဆုံးသူတွေကတော့ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်ဘက်ကနေ စစ်လာရှောင်နေသူတွေဖြစ်ကာ ဗုံးကြဲပြီးနောက် ဒေသခံရော စစ်ရှောင်တွေပါ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အလားတူ မြောင်မြို့နယ်၊ နဘတ်ရွာကိုလည်း ဇန်နဝါရီ ၅ ရက်နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၃၀ အရွယ်အမျိုးသမီး ၁ ဦးနဲ့ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ မြောင်မြို့ခံတွေဆီက သိရပါတယ်။
“တိုက်ပွဲရှိလို့ ကြဲတာမဟုတ်ဘူး၊ ဒီအတိုင်းသက်သက်မဲ့ လာကြဲတာ၊ ၂ ဦးသေသွားတယ်၊ ပါရာမော်တာနဲ့ ၂ လုံးကြဲချတာ၊ ၁ လုံးက မကွဲဘူး၊ နဘတ်ရွာကို ကြဲချတာ၊ မုံရွာ နမခ ကနေ ၃ စီးလာတာ၊ ၁ စီးက ကြဲချတာ၊ အမျိုးသမီး ၁ ဦးသေတယ်၊ အသက်ကြီးပိုင်း အမျိုးသား ၁ ဦးသေတယ်။” လို့ မြောင်မြို့ခံတဦးက ပြောပါတယ်။

အိမ်ခြေ ၄,၀၀၀ နဲ့ လူဦးရေ ၁၂,၀၀၀ ကျော်ရှိတဲ့ နဘတ်ရွာဒေသခံတွေကတော့ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တောထဲကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ဇန်နဝါရီ ၅ ရက်အထိ စစ်ကော်မရှင်နဲ့ ၎င်းတို့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့တဲ့ဒေသခံစုစုပေါင်း ၇,၆၄၆ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့အစီရင်ခံစာရ သိရပါတယ်။





















