မြေလတ်အသံ၊ ဇွန် ၁၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝန်းသိုနဲ့ ကောလင်းမြို့နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၁၀ ရက်ည ၉ နာရီကျော်မှာ ဝန်းသိုမြို့နယ်၊ ကံကုန်းကျေးရွာကို တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ ရော့ကတ် ၁၀ လုံးပစ်ခတ်ခဲ့ရာ အသက် ၁၅ နှစ်အရွယ် မကြယ်ဇင်လင်း သေဆုံးပြီး ၁၀ နှစ်အရွယ်ယောက်ျားလေးနဲ့ ၄၀ အရွယ်အမျိုးသားတို့ ဒဏ်ရာရရှိခဲ့တာလို့ဆိုပါတယ်။


“ဒဏ်ရာရသူ ၂ ယောက်က မကြယ်ဇင်လင်းရဲ့ အဖေနဲ့မောင်ပါ။ ရော့ကတ်ကျည်က သူတို့အိမ်ကို ကျသွားတာ။ အဖေဖြစ်သူကတော့ ဒဏ်ရာပြင်းတယ်။”လို့ ဝန်းသိုဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ကံကုန်းကျေးရွာဟာ အိမ်ခြေ ၅၀ ခန့်ရှိတဲ့ ကျေးရွာ ၁ ရွာဖြစ်ပြီး ဝန်းသို၊ ကောလင်း၊ ထီးချိုင့် စတဲ့မြို့နယ် ၃ မြို့နယ်ရဲ့နယ်စပ်မှာတည်ရှိတာပါ။
အလားတူ ဇွန် ၉ ရက်ည ၉ နာရီကျော်မှာလည်း ကောလင်းမြို့နယ်၊ ဖလဲကျေးရွာကို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံးကြဲချခဲ့ရာ အသက် ၃၀ နဲ့ ၄၀ အရွယ်အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။


ဗုံးကြဲခံရမှုကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ဖလဲကျေးရွာမှာ လူနေအိမ် ၆ လုံးပျက်စီးခဲ့ပြီး အဲဒီထဲက ၃ လုံးမှာ လုံးဝပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ကံကုန်းနဲ့ ဖလဲကျေးရွာတို့ကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တဲ့နေ့တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ဇွန် ၇ ရက်ကလည်း NUG ထိန်းချုပ်နယ်မြေ ထီးချိုင့်မြို့နယ်က ပေါက်ကုန်းကျေးရွာကို တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချခဲ့တာကြောင့် အသက် ၄၀ အရွယ်အမျိုးသမီး သေဆုံးခဲ့ပါသေးတယ်။
၂၀၂၁ စစ်အာဏသိမ်းချိန်ကနေ ၂၀၂၅ ဇွန် ၁၀ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၆၇,၉၃ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့အစီရင်ခံစာအရ သိရပါတယ်။
စာတည်း – လင်း