အမရပူရ၊ ဇန်နဝါရီ ၃၀၊ ၂၀၂၆။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းကျေးရွာလမ်းပေါ်မှာ ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူငယ်အလောင်း ၁ လောင်းကိုတွေ့ခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသူဟာ အသက် ၂၅ နှစ် အရွယ်ဖြစ်ပြီး ဦးခေါင်းဒဏ်ရာတွေနဲ့ ကျေးရွာမြောက်ဘက်ခြမ်း ကားလမ်းမဘေး ဇန်နဝါရီ ၂၉ ရက် မနက် ၆ နာရီကျော်မှာ ရွာခံတွေကတွေ့ခဲ့ရတာလို့ ဆိုပါတယ်။
“ခေါင်းမှာတော့ ဒဏ်ရာတွေ့တယ်။ ဓားခုတ်ဒဏ်ရာနဲ့ ကွဲနေတာမျိုး။ သူသေနေတာကို လမ်းသွားလမ်းလာတွေက တွေ့ကြတာ။ “လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
သေဆုံးသူနဲ့အချက်အလက်တွေကို မသိရှိရသေးဘဲ အလောင်းကိုတော့ အမရပူရဆေးရုံကို ပို့ဆောင်ထားပြီး ပိုင်ရှင်မပေါ်သေးတာကြောင့် ဇန်နဝါရီ ၃၀ ရက်မနက်ပိုင်းထိ ဆေးရုံရင်ခွဲရုံမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ကလည်း မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်နယ်မြေ၊ မြောက်ကန်စောင်း၊ ကလေးကစားကွင်းအနီးမှာ စလော့ဂိမ်းရှုံးနေတဲ့ အမျိုးသား ၂ ဦးက သူငယ်ချင်းဖြစ်သူ ဝက်ကုန်သည် အမျိုးသားကို သတ်ဖြတ်ငွေယူပြီး အလောင်းစွန့်ပစ်တဲ့ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း







