31 July 2026 12:33 AM

တိုက်ခိုက်ခံရတဲ့စစ်ကြောင်းက လူငယ် ၁ ဦးကိုသတ်ပြီးနေအိမ်တွေပါမီးရှို့

0 13
0 13

ချောက်၊ ဇွန် ၁၆၊ ၂၀၂၅။

စစ်ကောင်စီတပ်ရဲ့ပူးပေါင်းစစ်ကြောင်းက မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကိုင်းထောက်ကန်ရွာက လူငယ် ၁ ဦးကို သတ်ပြီးနေအိမ်တွေကိုလည်းမီးရှို့ခဲ့တယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။

ကျောက်ပန်းတောင်း၊ ချောက်နဲ့ စလေမြို့တို့က ထွက်လာတဲ့ အင်အား ၆၀ ပါစစ်ကောင်စီရဲ့ ပူးပေါင်းစစ်ကြောင်းဟာ ဇွန် ၁၄ ရက်မနက်ပိုင်းမှာ ကိုင်းထောက်ကန်ရွာကိုဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

“ကိုင်းထောက်ကန်ရွာထဲကိုဝင်ပြီးတော့ အိမ် ၃ လုံးကို မီးရှို့သွားတယ်၊ ဖောကား ၁ စီးမီးရှို့သွားတယ်၊ ကိုင်းထောက်ကန်ရွာက လူငယ် ၂ ဦးကို လမ်းပြခေါ်သွားပြီး ၁ ဦးကိုပြန်လွှတ်ကာ ၁ ဦးကိုတော့ စစ်ကြောင်းက ပစ်သတ်ခဲ့တယ်၊” လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ ဒုတာဝန်ခံက ပြောပါတယ်။

အသတ်ခံရသူဟာ အသက် ၁၈ နှစ်အရွယ်ရှိပြီး အလောင်းကိုတော့ အိုင်းကြီးရွာနဲ့ ကိုင်းထောက်ကန်ကျေးရွာ ကြားမှာတွေ့ခဲ့ကာ သူ့ရဲ့စျာပနကို ဇွန် ၁၄ ရက်မှာပဲ ‌ကိုင်းထောက်ကန်ကျေးရွာမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်စစ်ကြောင်းဝင်ရောက်လာချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်ခဲ့သေးတယ်လို့ ဒုတာဝန်ခံကဆက်ပြောပါတယ်။

“ကိုင်းထောက်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့တာ၊ ခုခံတိုက်ခိုက်တာမှာ ၄ ဦး‌ပွဲချင်း‌ပြီးသေပြီး ၁၁ ဦးဒဏ်ရာရတယ်” လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ တပ်ခွဲ ၁၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့၊ မကွေးတိုင်း ရင်း ၁၊ ချောက်မြို့နယ် ပကဖ နဲ့ ချောက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစု တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ချောက်မြို့နဲ့ ၁၇ မိုင်အကွာ၊ အိမ်ခြေ ၁၂၀ ရှိတဲ့ကိုင်းထောက်ကန်ကျေးရွာကဒေသခံတွေဟာ စစ်ကြောင်းဝင်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းကတော့ ကိုင်းထောက်ကန်ကျေးရွာကနေကျွဲတက်ရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေပြီး ဇွန် ၁၆ ရက်ဒီနေ့အထိ အဲ့ဒီနေရာမှာရှိနေသေးတယ်လို့ ဒုတာဝန်ခံက ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။