ဆင်ဖြူကျွန်း၊ ဇန်နဝါရီ ၂၊ ၂၀၂၆။
မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့မှာ ထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ စက်မှုလယ်ယာရုံး မီးလောင်ပျက်စီးပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့တယ်လို့ ဆင်ဖြူကျွန်းမြို့ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁ ရက် နေ့လယ် ၁ နာရီခွဲမှာ ဆင်ဖြူကျွန်းမြို့၊ သစ္စာမြိုင်ကွက်သစ်ရှိ စက်မှုလယ်ယာရုံးနဲ့ သရက်တောရွာထိပ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ မီးလောင်ခဲ့တာဖြစ်ပြီး အဆိုပါရုံး ၂ ခုဟာ အကွာအဝေး ၃ ဖာလုံခန့်သာရှိတယ်လို့ ဆိုပါတယ်။
“အဲ့ဒါက သူတို့(စစ်ကော်မရှင်)ပစ်တဲ့ လက်နက်ကြီးကျတာ၊ နွယ်တမယ်တံတားထိပ်ကနေ လှမ်းပစ်တာ၊ မနေ့ကပါ၊ ထွေအုပ်ရုံးနဲ့ စက်မှုလယ်ယာကို လက်နက်ကြီးကျည်ကျတာ၊ တခြားမီးကူးတာတွေတော့မရှိဘူး၊ လက်ရှိကတော့ အခုအချိန်ထိ ငြိမ်နေကြတယ်၊ ဘာမှတော့ မထူးသေးဘူး၊ အပြန်အလှန် ပစ်ခတ်မှုလည်း မရှိသေးဘူး” လို့ ဆင်ဖြုကျွန်းမြို့ခံတဦးက ပြောပါတယ်။

အထက်ပါဌာနဆိုင်ရာရုံးတွေမှာ လူနေထိုင်တာမရှိတဲ့အတွက် ထိခိုက်သေဆုံးမှုမရှိဘဲ ခုလိုမီးလောင်တာ ဟာ စစ်ကော်မရှင်တပ်တွေပစ်တဲ့လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့်လို့ ဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ကလည်း ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်ရွာထိပ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးက ဆင်ဖြူကျွန်းမြို့၊ မန်းကျည်းတောကွက်သစ်က နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ အရွယ် ဒေါ်ဆယ်မိ နဲ့ အမျိုးသား ၁ ဦးသေဆုံးကာ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“နွယ်တမယ်ရွာထိပ်ကနေ နတ်စင်ရွာဘက်ကို လှမ်းပစ်တာကနေ မန်းကျည်းတောကွက်သစ်ဘက်ကို လက်နက်ကြီးကျည်ကျတာ၊ အိမ်ပေါ်တည့်တည့်ကျတာ၊ မန်းကျည်းတောကွက်သစ်က ဆင်ဖြူကျွန်းနားမှာပဲရှိတာ၊ ရှားတောမြောက်ဘက်မှာ ရှိတာ၊ သေတာက ၂ ဦးသေတယ်၊ ၂ ဦးဒဏ်ရာရတယ်၊ ၁ ဦးကတော့ လက်ပြတ်တယ်၊ ၁ ဦးက နားစည် ကွဲသွားတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၃၁ ရက် ဒီနေ့လယ် ၂ နာရီဝန်းကျင်မှာ ချောင်းဖြူရွာနဲ့ နတ်စင်ရွာကို စစ်ကော်မရှင် တပ်ကဂျက်ဖိုက်တာနဲ့ ဗုံး ၆ လုံးကြဲချခဲ့ပါသေးတယ်။
ဆင်ဖြူကျွန်းမြို့မှာ ဒီဇင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် တိုက်ပွဲငြိမ်သက်ခဲ့ရာက ဒီဇင်ဘာ ၃၀ ရက်ည ၇ နာရီကနေ ၁၁ နာရီခွဲအထိ ဆင်ဖြူကျွန်းမြို့အနီး နွယ်တမယ်တံတားရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေ ပစ်ခတ်မှုပြန်ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲငြိမ်နေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဆင်ဖြူကျွန်းမြို့၊ အသိရိဘုရား၊ မဟာစေတီလှဘုရား၊ ရဲစခန်းနဲ့ နွယ်တမယ်ရွာထိပ်စတဲ့ နေရာ ၄ နေရာမှာ အင်အား ၂၀၀ ကျော်နဲ့ တပ်စွဲနေထိုင်တယ်လို့ သိရပါတယ်။
စာတည်း – လင်း







