ပေါက်ခေါင်းမှာ ရွာထဲကိုလက်နက်ကြီးကျလို့ အမျိုးသမီး ၁ ဦးသေဆုံး

0 9
0 9

ပေါက်ခေါင်း၊ အောက်တိုဘာ ၂၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်ကော်မရှင်တပ်တွေပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်မနက် ၈ နာရီကျော်မှာ အောင်လံမြို့နယ်၊ ရွှေပန်းတောရဲစခန်းအထိုင်ချ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက လက်နက်ကြီး အလုံး ၂၀ ကျော်ပစ်ခတ်ခဲ့ရာ စမ်းမကြီးကျေးရွာထဲကို ၁ လုံးကျရောက်ပေါက်ကွဲခဲ့ချိန် ခုလိုထိခိုက်ခဲ့တာလို့ဆိုပါတယ်။

“လက်နက်ကြီးကျည်တွေက စမ်းမကြီးရွာထဲကိုလဲ ကျတယ်။ ရွာအနီးနားကိုလည်းကျတယ်။ တချို့ကပြေးကြတယ်။ တချို့ကျ ဗုံးခိုကျင်းထဲဝင်နေကြတယ်။ သူကတော့ တောထဲကပြန်လာပြီး အိမ်အရောက် ခြေထောက်ဆေးနေချိန် ဖြစ်သွားတာလို့သိရတယ်။ သူ့မှာကလေးနှစ်ယောက်လည်း ရှိတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

လက်နက်ကြီးထိမှန်ပြီး အသက် ၄၅ နှစ်အရွယ် မနွဲ့ကြည် ရဲ့ပေါင်ကို လက်နက်ကြီးထိမှန်ပြီး သွေးထွက်လွန်ကာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်က ပစ်ခတ်နေတာကြောင့် ရွာခံအချို့က ဘေးလွတ်ရာထွက်ပြေးနေကြရပြီး အချို့ကတော့ ပဲသိမ်းချိန်ဖြစ်နေတာကြောင့် မပြေးကြဘဲ ကျေးရွာအတွင်း ကတုတ်ကျင်းတွေထဲမှာ ပုန်းခိုနေကြရတယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ည ၇ နာရီခန့်မှာ ရွှေပန်းတောကျေးရွာ စစ်ကော်မရှင်စခန်းကနေ လက်နက်ကြီး ၃ လုံး ပေါက်ခေါင်းမြို့နယ်ဘက်ကို ထပ်မံပစ်ခတ်ခဲ့ရာ ဗြန်ဒီကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ပျက်စီးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဩဂုတ် ၁၅ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ကြိမ်ချောင်းကျေးရွာကို ပါရာမိုတာနဲ့ဗုံး ၄ လုံးကြဲချခံရလို့ မိန်းကလေးငယ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ အောက်တိုဘာ ၂၃ အထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၇,၃၉၉ ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးသင်း – AAPP က ထုတ်ပြန်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။