ရေတာရှည်၊ ဒီဇင်ဘာ ၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဒီဇင်ဘာ ၆ ရက်မနက် ၁၀ နာရီခန့်က စစ်ကော်မရှင်တပ်ကဦးစီးကျင်းပမယ့်ရွေးကောက်ပွဲကို ဒေသခံရာနဲ့ချီ ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲဦးဆောင်လှုပ်ရှားသူတဦးဆီက သိရပါတယ်။
လူဦးရေ ၃၀၀ ကျော်ပါဝင်တဲ့ ဒီဆန္ဒပြပွဲကို ရေတာရှည်မြို့နယ်မြောက်ပိုင်းတနေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသတွင်းကျေးရွာတွေကိုလှည့်လည်ကာ တော်လှန်ရေး ကြွေးကြော်သံ၊ ဆောင်ပုဒ်တွေကို ကြွေးကြော်ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။
“စစ်အာဏာရှင်လုပ်နေတဲ့ ရွေးကောက်ပွဲကာလဟာ ပြည်တွင်းစစ်မငြိမ်းချမ်းသေးဘဲ ပြည်ပနိုင်ငံတွေကပါ လှည့်လည်ပြီး လိမ်ညာဟန်ပြပြီးတော့မှ လုပ်နေတဲ့အတုအယောင်ရွေးကောက်ပွဲ ဖြစ်တာကြောင့်မို့လို့ နိုင်ငံတကာအနေနဲ့ ဒီရွေးကောက်ပွဲမှာပြည်သူတွေ ပူးပေါင်းပါဝင်မှုမရှိဘူးဆိုတာ နိုင်ငံတကာကိုသိစေချင်လို့ဆန္ဒပြရတာ”လို့ ဆန္ဒပြပွဲဦးဆောင်ပါဝင်သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂျိလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးပြန်လွတ်ပြီး ဖက်ဒရယ်နိုင်ငံတော်ပေါ်ပေါက်လာဖို့ ဆက်လက် ဆန္ဒပြသွားမယ်လို့လည်း ဆိုပါတယ်။