ပခုက္ကူ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းစံပြကျေးရွာနဲ့ မြိုင်မြို့နယ်၊ နှောပင်ကျေးရွာမှာ စစ်ကြောင်းထိုးမီရှို့ခံရလို့ သက်ကြီး အမျိုးသမီး ၁ ဦးသေပြီး နေအိမ် ၁၄၀ ကျော် မီးလောင်ပျက်စီးတယ်လို့ နှောပင်ရွာခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက် မနက် ၆ နာရီခန့်မှာ တပ်မ ၈၈၊ ၉၉ ဘက်တံဆိပ်တွေဝတ်တင်ထားတဲ့ အင်အား ၂၀၀ ကျော်ပါစစ်ကြောင်းဟာ ပခုက္ကူမြို့နယ်၊ ကိုင်းစံပြရွာကို ဝင်ရောက်မီးရှို့ပြီးနောက် မနက် ၁၀ နာရီခန့်မှာ ၂ မိုင်ကျော်အကွာရှိတဲ့ မြိုင်မြို့နယ်၊ နှောပင်ရွာကိုရောက်လာပြီး ရွာခံပြည်သူ ၁၆ ဦးခန့်ကို ဖမ်းဆီးကာ ညနေ ၆ နာရီခန့်မှာ ကျေးရွာထဲကို နေအိမ်တွေကို စတင်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော့်အိမ်တောင်ပါတာ အခုမှ မီးသတ်နေတာ။ ကိုင်း(ရွာ)ကနေရှို့လာပြီးမှ နှောပင်ကိုလာတာ။ ကျနော်က ပထမသိတာ။ နှောပင်ထဲတော့ရောက်လာပြီ ထွက်တော့ဆိုတော့ ပြည်သူတွေကိုအကုန်ထုတ် ထုတ်ပြီးကာမှ ကျနော်ကထွက်။ ကျနော်တို့က အရှေ့တောင်ကိုထွက်တာ။ သစ်စောင်းကုန်းကနေ နေရာယူပြီးကြည့်နေတာ။ ကျနော်တို့နေရာယူတဲ့နေရာကို ပစ်ကော။ အဲဒီကနေမှ ရွာထဲကိုဝင်တာ။ ည ၆ နာရီကျတော့ ကျနော့်အိမ် မီးရှို့တာပဲ။ ကျနော့်အိမ်နဲ့ အရှေ့ပိုင်းကကိုဖိုးစီအိမ် ပထမဆုံးရှို့တာပဲ”လို့ နှောပင်ရွာခံတဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်သားတွေဟာ ည ၉ နာရီအထိ ကျေးရွာထဲကနေအိမ်တွေကို မီးရှို့ပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းမှာ ညအိပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ဇန်နဝါရီ ၁၆ ရက် မနက် ၆ နာရီလောက်ကစတင်ပြီး နေအိမ်တွေကိုမီးထပ်ရှို့ခဲ့ကာ မနက် ၈ နာရီကျော်ခန့်မှာတော့ ဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးခဲ့ပြီးနောက် ပခုက္ကူဘက်ကိုပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းက မီးရှို့လို့ ကိုင်းစံပြကျေးရွာကနေအိမ် ၃၀၊ နှောပင်ရွာက နေအိမ် ၁၁၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး နှောပင်ရွာမှ အသက် ၆၀ ကျော်အရွယ်ရှိ ဒေါ်မြကျင် ဆိုသူ မီးလောင်သေဆုံးသွားတယ်လို့ ဆိုပါတယ်။
“အခြားအိမ်တွေရှို့လို့ သူအိမ်အနီးကပ်လောင်တော့ မေ့မြောပြီးမှ လောင်သွားတဲ့သဘောမျိုးထင်တယ်။ အပျိုကြီး အိမ်မှာနေတာ ၁ ယောက်တည်း မွေးချင်းမရှိဘူး။”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်လာချိန် အိမ်ခြေ ၁၀၀ ကနေ ၇၀၀ ကြားရှိ ကိုင်းစံပြကျေးရွာ၊ နှောပင်၊ ဖိုကုန်း၊ တည်ပင်အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၁ သောင်းကျော်ထွက်ပြေးခဲ့ရပါသေးတယ်။
စစ်ကြောင်းပြန်ထွက်သွားပြီးတဲ့နောက်မှာတော့ နှောပင်ကျေးရွာက ထွက်ပြေးတိမ်းရှောင်နေသူတွေ ရွာကိုပြန်ရောက်လာပြီး မီးငြှိမ်းသတ်နေရသလို အခြားကျေးရွာက ပြည်သူတွေလည်း သူတို့ရွာတွေကို ပြန်ဝင်လာကြပြီလို့ သိရပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ကံမမြို့မှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ကံမမြို့ပေါ်ရပ်ကွက်တွေနဲ့ ဆားကျင်းကုန်းရွာက နေအိမ် ၃၀ ကျော်မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
တည်းဖြတ် – M





















