11 July 2026 1:30 AM

မြိုင်နဲ့ပေါက်မှာ ဗုံးကြဲလို့ သက်ကြီးပိုင်းအမျိုးသား ၁ ဦးထိခိုက်

0 13
0 13

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦးထိခိုက်ပြီး နေအိမ်အဆောက်အအုံ တချို့လည်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက်မနက် ၁၀ နာရီခွဲမှာ မြိုင်မြို့နယ်၊ ရွာသစ်ကုန်းရွာကို မကွေးလေတပ်ဘက်က တက်လာတဲ့ MiG-29 ပေါ်ကနေ ဗုံးကြဲ၊ ပစ်ခတ်ခဲ့ပြီး မနက် ၁၀ နာရီ ၅၀ မိနစ်မှာ မုံရွာနမခ ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေစခန်းအနီးကို ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ခုလို ဗုံးကြဲပစ်ခတ်လို့ ရွာသစ်ကုန်းရွာတိုက်ခိုက်မှုမှာ အသက် ၆၀ အရွယ်အမျိုးသား ၁ ဦးထိခိုက် ဒဏ်ရာရကာ နေအိမ် ၁ လုံးပျက်စီးပြီး လက်ပံတိုရေနံမြေအနီးက မှော်မင်းသား KTV အဆောက်အအုံ ၁ ခုပျက်စီးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ဒဏ်ရာရသူ ၁ ဦးတော့ ရှိပါတယ်၊ အသက် ၆၀ အရွယ် အဘိုး ၁ ဦးပါ၊ မစိုးရိမ်ရပါဘူး၊ ပွတ်ပြီးထိသွားတာပါ၊ လောလောဆယ်တော့ နယ်ခံဆေးပေးခန်းမှာ ဆေးထည့်ပေးထားပါတယ်၊ သေဆုံးမှုတော့ မရှိပါဘူး၊ ကျတာကတော့ အိမ်ပေါ်တည့်တည့်ကျတာပါ၊ ကျတဲ့အိမ်ပေါ်မှာက လူက ၁ ဦးမှမရှိလို့ပါ၊ နေအိမ်တော့ပျက်စီးသွားပါတယ်”လို့ မြိုင်မြို့ခံတဦးက ပြောပါတယ်။

ရွာသစ်ကုန်းရွာမှာ အိမ်ခြေ ၂၀၀ နဲ့ လူဦးရေ ၄၀၀ ဝန်းကျင်ရှိပြီး လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံတွေဟာ ရွာထဲကနေတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပေါက်နဲ့မြိုင်မြို့နယ်အတွင်း လူဦးရေ ၃,၀၀၀ ဝန်းကျင်စစ်ရှောင်နေရတယ်လို့လည်း အထက်ပါဒေသခံကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ရွာကို စစ်ကော်မရှင်တပ်က ဂျိုက်‌ရိုကော်ပတာပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။