မင်းကင်း၊ ဧပြီ ၂၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကဗျစ်ရွာအနီး ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ရွှေမှော်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချသွားလို့ ရွှေမှော်မှာအလုပ်လုပ်နေတဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၄ ရက် မွန်းလွဲ ၃ နာရီခွဲခန့်မှာ Y-12 လေယာဉ်ပေါ်ကနေ ဗုံး ၁၀ လုံးခန့်ကြဲချခဲ့တာဖြစ်ပြီး သောင်ပြင်ပေါ်က မျောစင်တွေအနီး ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။
” ကြဲသွားတာကတော့ မျောထဲကိုကြဲသွားတာ မဟုတ်ဘူး၊ မျောလုပ်သားတွေ အလုပ်လုပ်နေတဲ့ မျောစင်တွေဘက်ကို ကြဲသွားတယ်၊ ၁၀လုံးကြဲသွားတာ” လို့ ကဗျစ်ရွှေမှော်နဲ့ နီးစပ်တဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မျောစင်ပေါ်မှာ အလုပ်လုပ်နေတဲ့ အသက် ၁၅ နှစ်နဲ့ ၂၀ ကြားရှိ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ စိုးရိမ်ရတဲ့အခြေ အနေရှိတယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်ကမ်းနံဘေးရွှေမျောတွေကို တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ဗုံးကြဲသွားတာနဲ့ပတ်သက်လို့ အထက်ပါဒေသခံက အခုလိုပြောပါတယ်။
“ တော်လှန်ရေးအင်အားစုတွေဘက်က ဒီမှော်တွေအပေါ်ကနေ အခွန်အခတွေရတာဆိုတော့ ဒီအပေါ်ကို စစ်ကောင်စီအနေနဲ့ ပစ်မှတ်ထားတယ်လို့ မြင်တယ်” လို့ ၎င်းက ဆိုပါတယ်။
လက်ရှိမှာ အဆိုပါဗုံးကြဲခံရတဲ့ ရွှေမှော်လုပ်ငန်းတွေကို ဧပြီ ၂၄ ရက်ကစတင်ကာ ရပ်နားထားပြီး ဒေသခံတွေအနေနဲ့လည်း ကျေးရွာမှာမနေရဲတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဧပြီ ၂၅ ရက်မှာလည်း စစ်ကောင်စီတပ်က မုံရွာ၊ ဘုတလင်၊ ကလေးဝ ဒေသတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး ထက် မနည်းသေဆုံးခဲ့ပါတယ်။
သတင်း – ကျော်စွာ၊ စာတည်း – ဟိန်းစံ