မင်းကင်း၊ နိုဝင်ဘာ ၂၂၊ ၂၀၂၅။
တော်လှန်ရေးတပ်တွေနဲ့ ဒေသခံတွေ ပဋိပက္ခဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျွန်းရွှေမျောကို နိုဝင်ဘာ ၂၂ ရက် ဒီကနေ့ နေ့လယ်ပိုင်းကစတင်ပြီး စစ်ကော်မရှင်တပ်က အင်အားသုံးဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေ့လယ် ၁ နာရီခွဲကနေ ညနေ ၄ နာရီအထိ တံတားဦးဘက်ကတက်လာတဲ့ K-8W တိုက်ခိုက်ရေး လေယာဉ်နဲ့ ၄ ကြိမ်၊ မုံရွာအခြေစိုက် နမခ ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ၃ ကြိမ် ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ထိခိုက်သူက ၁၃ ဦး၊ စိုးရိမ်ရတွေပါတယ်၊ လောလောဆယ် ဆေးရုံကို မရောက်သေးဘူး၊ ခေါင်းထိတဲ့ သူကတော့ အခြေအနေမကောင်းဘူး၊ မြုပ်သွားတာတွေ(မျောဖောင်)ရောရှိတော့ ဘာမှကို အတည်ပြုလို့ မရသေးဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ရွှေမျောဖောင် ၂ ခု မီးလောင်ပျက်စီးခဲ့ပြီး ဖောင် ၂ ခု ချင်းတွင်းမြစ်ထဲ နစ်မြုပ်ပျက်စီးခဲ့ပြီး ဒေသခံထိခိုက်မှုတွေကလည်း အထက်ပါအရေအတွက်ထက် ပိုများနိုင်ကာ ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လောင်းပြည့်ကျွန်းအနီး ရွှေမျောလုပ်ကွက်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တူးဖော်လုပ်ကိုင်ဖို့ ပြင်ဆင်နေတာကြောင့် ကျေးရွာဒေသခံတွေက ကန့်ကွက်ကြောင်း အောက်တိုဘာ ၂ ရက်မှာ ပထမအကြိမ်၊ အောက်တိုဘာ ၅ ရက်မှာ ဒုတိယအကြိမ်၊ နိုဝင်ဘာ ၈ ရက်မှာ တတိယအကြိမ်လှည့်လည်ဆန္ဒပြခဲ့ကြပြီး ဦးဆောင်လုပ်ကိုင်မယ့် မြို့နယ်ပကဖနဲ့ ပအဖတာဝန်ခံတွေကို ရာထူးကရပ်နားပေးဖို့ ဆန္ဒပြပွဲတွေမှာ ထည့်သွင်း တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

ရွှေမျောလုပ်ကွက်လုပ်ဆောင်နိုင်ဖို့ ဒေသအာဏာပိုင် ပကဖ၊ ပအဖအဖွဲ့ဝင်တွေက ဒေသခံတွေဘက်ကို ညှိနှိုင်းမှုတွေလုပ်ဆောင်နေပေမယ့် ပြေလည်မှုမရသေးဘဲ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေအကြား ပဋိပက္ခဖြစ်ပွားလျှက်ရှိနေတာဖြစ်ပြီး ဆန္ဒပြပွဲမှာပါဝင်တဲ့ တိုက်နယ်ပကဖနဲ့ ပအဖတာဝန်ခံအပါ ၃ ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း – လင်း