ပေါင်းတည်ထောင်မှာ နိုင်ကျဥ်း ၁ ဦး ရုတ်တရက်သေဆုံးပြီး သရက်ထောင်ကနေ လွတ်ရက်စေ့နဲ့လွတ်လာတဲ့ နိုင်ကျဥ်း ၂ ဦး ပြန်အဖမ်းခံရ

0 38
0 38

မြေလတ်အသံ၊ ဇူလိုင် ၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁ ဦး ရုတ်တရက်နှလုံးရပ် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) က ဇူလိုင် ၈ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ် ၁၀ နှစ်ကျခံနေရတဲ့ ကိုလှမင်း(ခ)ကိုလှကြီး ၄၅ နှစ်ဖြစ်ပြီး ဇူလိုင် ၅ ရက်က ရုတ်တရက်သတိမေ့သွားတာကြောင့် ပေါင်းတည်မြို့ဆေးရုံကို ပို့ဆောင်ဖို့ပြင်ဆင်နေချိန် နှလုံးရပ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

” ကျနော်တို့သိထားရသလောက်တော့ ကိုလှမင်းမှာ ရောဂါအခံမရှိဘဲနဲ့ ရုတ်တရက်ရေသောက်နေရင်းနဲ့မှ မေ့လဲသွားတယ်။ မေ့လဲတဲ့အပေါ်မှာ ဆရာဝန်တွေနဲ့ပြင်ပဆေးရုံကိုထွက်ဖို့ ပြင်ဆင်ကြိုးစားနေတဲ့ အခြေအနေမှာဘဲ ဆုံးပါးသွားတယ်လို့ သိထားရပါတယ်” လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁၄ ရက်ကလည်း အိုးဘိုထောင်က နိုင်ငံရေးအကျဥ်းသူ CDM အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းမှာ တီဘီရောဂါဝေဒနာခံစားနေရပေမယ့် ထောင်ပြင်ပဆေးရုံမှာ ကုသခွင့်မရရှိခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၁ ရက်မှာ လွတ်ရက်စေ့နဲ့လွတ်မြောက်ခဲ့တဲ့ သရက်အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသား ၂ ဦး ထောင်ဗူးဝမှာ ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူ ၂ ဦးမှာ ဦးထွန်းထွန်းအောင်(တရားလွှတ်တော်ရှေ့နေ)နဲ့ ကိုနိုင်လင်းထွန်းတို့ဖြစ်ပြီး ၎င်းတို့ကို သရက်မြို့မရဲစခန်းမှာ ဇူလိုင် ၈ ရက် ဒီကနေ့အထိ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

” သူတို့(အဖမ်းခံရသူ ၂ ဦး)တွေထောင်မှာ ကောင်းကောင်းမွန်မွန်နဲ့ လွတ်စေ့ရက်အထိနေခဲ့တာကို အခုလို မျိုးဖမ်းတာကတော့ တမင်သက်သက် လုပ်ကြံဇာတ်တခုလို့ပဲ သုံးသပ်တယ်”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

စာတည်း – ဟိန်းစံ

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။