■ ကျန်းမာရေး ပြန်ကောင်းလာပါက အရေးယူသွားရန် ဆောင်ရွက်ထား
စစ်ကိုင်း၊ ဇူလိုင် ၈၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ
စစ်ကိုင်းခရိုင် တပ်ရင်း ၂၊ ခွဲ ၄ စခန်းမှာ ဘဏ္ဍာရေးမှူး ဒေါင်းနီကို တပ်ခွဲမှူးက ပစ်သတ်ခဲ့ပြီးနောက် တပ်ခွဲမှူးကလည်း ကိုယ်ကိုကိုယ် ပြန်ပစ်ခဲ့လို့ ဆေးကုသနေရတယ်လို့ တပ်ရင်းတာဝန်ရှိသူတွေထံက သိရပါတယ်။
ဇူလိုင်လ ၃ ရက်နေ့ မနက် ၃ နာရီခန့်မှာ တပ်ခွဲ ၄ စခန်းအတွင်းရှိ နေအိမ်တလုံးမှာ ဘဏ္ဍာရေးမှူး ဒေါင်းနီနဲ့ တပ်ခွဲမှူး ညိုချောတို့ စကားပြောနေခဲ့ပြီးနောက် ညိုချောက ဒေါင်းနီရဲ့ ဦးခေါင်းကို ပစ္စတိုနဲ့တချက် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
“ဒေါင်းနီက တော်လှန်ရေးကို သစ္စာဖောက်တဲ့ အလုပ်တွေ လုပ်လာတာကို ညိုချောက မိသွားတယ်။ အဲဒီအချိန်မှာ အဆုံးစီရင် ပစ်လိုက်တယ်။ ညိုချောကလည်း သူကိုယ်သူ ပြန်ပစ်တဲ့အချိန် ရဲဘော်တွေက သေနတ်သံကြားလို့သွားတဲ့အချိန် ညိုချောက သူခေါင်းကိုသူပစ်တဲ့အချိန် ရဲဘော်တွေက တားလိုက်လို့ ကျည်ကခေါင်းထည်မဝင်သွားပဲ ဒဏ်ရာက သေဖို့ရှင်ဖို့ ၅၀/၅၀ ပါပဲ”လို့ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒေါင်းနီနဲ့ ညိုချောတို့ဟာ လူမှုရေးကိစ္စအချို့လည်း ပတ်သက်မှုရှိနေပြီး ဒေါင်းနီက တော်လှန်ရေးသစ္စာဖောက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။
ဦးခေါင်းကျည်ထိမှန်တာကြောင့် ဒေါင်းနီမှာနေရာမှာပင် သေဆုံးသွားပြီး သူရဲ့နာရေးကိုတော့ အသတ်ခံရပြီးနောက်နေ့ ဇူလိုင်လ ၄ ရက်နေ့မှာဘဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါင်းနီဟာ တော်လှန်ရေးသစ္စာဖောက်သူလို့ ပြောဆိုကာ ညိုချောက ပစ်ခတ်ခဲ့တဲ့ကိစ္စဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး၊ သက်ဆိုင်ရာတပ်ရင်းတာဝန်ရှိသူ အဆင့်ဆင့်ကိုအကြောင်းကြားပြီးမှ ဥပဒေအတိုင်းသာ အရေးယူ ဆောင်ရွက်ရမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“သူလည်း(ဒေါင်းနီ) တော်လှန်ရေးအပေါ်မှာ အများကြီးကောင်းခဲ့တာရှိတယ်။ တော်လှန်ရေးကို ဝင်လာပြီဆိုကတည်းက လုပ်ချင်စိတ်ရှိလို့ အိမ်မှာမနေပဲ ပုန်ကန်လာသူတွေပါ။ နောက်ပိုင်းကာလ တော်လှန်ရေးကြာလာတဲ့အခါမှာ စိတ်ပြောင်းသွားကြသူတွေ ရှိတယ်။ ကျနော်တို့ဟာ စစ်ကောင်စီ မဟုတ်ဘူး။ စိတ်ရှိတိုင်း လုပ်လို့မရဘူး။ လက်ထဲသေနတ်ရှိပေမယ့်လည်း အကြမ်းဖက်တဲ့ပုံစံမျိုးတွေ အရပ်သားတွေလို့ လုပ်လို့မရဘူး။ သူကို ထိန်းသိမ်းထားပြီး သက်ဆိုင်ရာကို သတင်းပို့သင့်တယ်”လို့ အထက်ပါတပ်ရင်း တာဝန်ရှိသူက ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တပ်ခွဲမှူး ညိုချောဟာ ဒဏ်ရာရကြောင့် ဆေးကုသနေရတာကြောင့် အခြေနေစောင့်ကြည့်နေပြီး သူကိုတော့ တပ်ဖွဲ့ဝင်တဦးကို သတ်ဖြတ်မှုနဲ့ အရေးယူသွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး သေဆုံးသူ ဒေါင်းနီရဲ့မိသားစုဝင်တွေဘက်ကို ပြန်လည်ပြောဆိုချက်ရနိုင်ဖို့ မြေလတ်အသံက ကြိုးစားဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။