မြေလတ်အသံ၊ ဒီဇင်ဘာ ၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ရှိ နေအိမ်တွေကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာ ၁ ရက်ညနေ ၅ နာရီကျော်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မီးရှို့ခံရတဲ့နေအိမ်တွေမှာ ညောင်ပင်ကြီးရပ်ကွက်ရှိ စစ်ဘေးရှောင်နေအိမ်တွေဖြစ်ပြီး နေအိမ် ၃ လုံးပြာကျပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
“စစ်တပ်က အကြောင်းမဲ့ မီးရှို့တာ။ နေအိမ် ၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးသွားတယ်။ စစ်ရှောင်မိသားစုနေအိမ်တွေပါ။ လူမရှိတဲ့အတွက် လူထိခိုက်သေဆုံးခြင်းမရှိခဲ့”လို့ မိုးကုတ်မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
မိုးကုတ်မြို့ပေါ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA လုံခြုံရေးအကူအညီနဲ့ စစ်ကော်မရှင်တပ်တွေဝင်ရောက်နိုင်ခဲ့ပြီးနောက် ၁ ရက်အကြာမှာ နေအိမ်တွေကို အခုလို မီးရှို့ခဲ့တာလို့ဆိုပါတယ်။
“ဒါက စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်ထဲက တခုမို့လို့ ဘာမှတော့ မပြောချင်ပါဘူး။ နောက်ထပ်ဆုံးရှုံးမှု ကြီးကြီးမားမား မကြုံရဖို့ကိုပဲ မျှော်လင့်မိပါတယ်”လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၃၀ ရက်ညနေ ၅ နာရီကျော်မှာလည်း အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်တွေဟာ မိုးကုတ်မြို့ပေါ်ကနေ မြို့ရဲ့အနောက်ဘက်ခြမ်းကို ခြေလျင်ထွက်ခွာလာချိန် တော်လှန်တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲနာရီဝက်ကြာဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
နိုဝင်ဘာ ၂၈ နဲ့ ၂၉ ရက်တို့မှာ စစ်ကော်မရှင်တပ်အင်အား ၁,၀၀၀ ခန့်က မိုးကုတ်မြို့ပေါ်ကို ကားအစီးရေ ၁၂၅ စီးနဲ့ ဝင်ရောက်လာခဲ့ပြီး ပြည်သူ့ဆေးရုံအတွင်းမှာ နေရာယူနေခဲ့ကြတာပါ။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်မှာ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ စစ်ကော်မရှင်တပ်နဲ့ TNLA တပ်ဖွဲ့တွေအကြား အပစ်ရပ်ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးတဲ့နောက် TNLA က မိုးကုတ်နဲ့မိုးမိတ်ကို စစ်ကော်မရှင်ထံပြန်ပေးဖို့ သဘောတူညီခဲ့ပြီးနောက် MDY- PDF၊ မိုးကုတ်ဗျူဟာအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက မိုးကုတ်မြို့ကိုပြန်လည်ရရှိရေး တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အသီးသီးထုတ်ပြန်ခဲ့ပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M








