၄ ရက်အတွင်း ပဲခူးနဲ့မကွေးအစပ်တိုက်ပွဲကနေ ထွက်ပြေးစစ်ကော်မရှင်တပ်သားတွေနဲ့ အလံဖြူထောင်လာသူ ၃၀ ကျော်ဖမ်းမိထားဟု AA ထုတ်ပြန်

0 13
0 13

ဧရာဝတီတိုင်းအစပ်တိုက်ပွဲတွေမှာလည်း ၁ လအတွင်း ဖမ်းဆီးရမိနဲ့ လက်နက်ချသူ ၄၀ ကျော်အထိရှိပြီး အသက်မပြည့်သေးတဲ့ကျောင်းသားတွေပါဝင်

မြေလတ်အသံ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၅။

အာရက္ခတပ်တော်-AA နဲ့ ဖြစ်ပွားနေတဲ့ ရက္ခိုင်နဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ် တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကစဥ့်ကလျားထွက်ပြေးနေကြပြီး ဖမ်းဆီးရမိသူတွေနဲ့ အလံဖြူထောင်လက်နက်ချလာသူ ၇၀ ဦး ကျော်ရှိတယ်လို့ နိုဝင်ဘာ ၁၁ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၈၊ ၉၊ ၁၀ ရက်တွေမှာ ပန်းတောင်းမြို့နယ်၊ မသုံရွာအခြေစိုက် ကပစ ၁၆ အနီးတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ် စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၁ နဲ့ ခမရ ၃၆၃ တပ်ရင်းတွေက အလံဖြူထောင်လက်နက်ချသူ၊ တပ်ပြေးနဲ့ ဖမ်းဆီးရမိ စုစုပေါင်း ၂၀ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာအရှေ့ဘက် လေလာတောင်အနီးဝန်းကျင် တိုက်ပွဲတွေကနေ နိုဝင်ဘာ ၈ ရက် နဲ့ ၉ ရက်တွေမှာ စစ်ကော်မရှင်တပ် စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၈ တပ်ရင်းကနေ အလံဖြူထောင်လက်နက်ချလာသူ၊ တပ်ပြေးနဲ့ ဖမ်းဆီးရမိ ၁၀ ဦးရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

အလားတူ AA က ပိတ်ဆို့ထားတဲ့ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းရှိ အမှတ် ၉ စစ်မြေပြင်ဆေးတပ်ရင်း(ခိုလမ်အခြေစိုက်) က ဒုတပ်ကြပ် မျိုးမင်းထွန်း ဟာ နိုဝင်ဘာ ၈ ရက်မှာ အာရက္ခတပ်တော်-AA ထံ လက်နက်ချဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

ရက္ခိုင်-ဧရာဝတီတိုင်းအစပ်တိုက်ပွဲတွေဖြစ်တဲ့ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာနဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချယ်းလယ်ကျေးရွာတွေအနီးတိုက်ပွဲတွေမှာ အောက်တိုဘာ ၃ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ ဖမ်းဆီးခံရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ကျော်နဲ့ လက်နက်ချလာသူ ၂၀ ဦးကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ ဖမ်းဆီးခံရတာနဲ့ လက်နက်ချလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်တွေအခြေစိုက်တဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄၊ ခမရ ၅၊ ခမရ ၆ ၊ ခမရ ၁၀၊ ခလရ ၃၅၊ ခလရ ၈၀ တပ်ရင်းတွေနဲ့ ပုသိမ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) လက်အောက်ခံ အိမ်မဲအခြေစိုက် ခလရ ၆၃ နဲ့ ပုသိမ်အခြေစိုက် ခလရ ၂၇၁ တွေကဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးရမိစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အားလုံးနီးပါးဟာ ၂၀၂၅ အတွင်း စစ်ကောင်မရှင်တပ်ရဲ့ အဓမ္မစစ်မှုထမ်းပေါ်တာဆွဲခံရတဲ့ စစ်သင်တန်းဆင်းတွေဖြစ်ကြပြီး တချို့က ၁၈ နှစ် မပြည့်သေးတဲ့ အထက်တန်းကျောင်းသားတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာရက္ခတပ်တော်အနေနဲ့ လက်နက်ချအလင်းဝင်ရောက်လာသောသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ပြုစုစောင့်ရှောက်ပေးထားပြီး အဓမ္မစစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်သစ်တွေအနေနဲ့ မည်သည့်နေရာ၊ မည်သည့်စစ်မျက်နှာပြင်မှာမဆို အလံဖြူထောင်တာဖြစ်စေ၊ နီးစပ်ရာကတဆင့် ဆက်သွယ်ပြီးဖြစ်စေ အလင်းဝင်ရောက်နိုင်တယ်လို့ အသိပေးထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။