ကျောက်ဆည်၊ မေ ၂၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဆီဆုံရပ်ကွက်မှာ ဆိုလာဘက်ထရီကနေ ရှော့ဖြစ်ပြီး မီးလောင်တဲ့အတွက် တအိမ်တည်းနေ မိသားစုဝင်အမျိုးသမီး ၄ ဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေး အသင်းတခုဆီကနေ သိရပါတယ်။
မေ ၂၂ ရက် ဒီနေ့မနက် ၁ နာရီ ၅၀ မိနစ်လောက်က ကျောက်ဆည်မြို့၊ ဘောဂဝတီ (ဆီဆုံ)ရပ်ကွက်က နေအိမ်တအိမ်မှာမီးလောင်ခဲ့ရာ နေအိမ်မှာရှိတဲ့ မိသားစုဝင် ၄ ဦးစလုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ အသက် ၉၃ နှစ်အရွယ် ဒေါ်တင်အောင်၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ထွေးထွေး အထက်တန်းပြ (ငြိမ်း)၊ အသက် ၆၆ နှစ်အရွယ် ဒေါ်နွယ်နွယ်ဦး မြို့နယ်ပညာရေးမှူး (ငြိမ်း)၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်သူဇာ (သပြေကုန်းကျေးရွာစာသင်ကျောင်းကျောင်းအုပ်) တို့ ဖြစ်ပါတယ်။
“အိမ်မှာရှိတဲ့ မိသားစုဝင်တွေ အကုန်သေဆုံးသွားတာပါ။ ကျနော်တို့ ကယ်ဆယ်ရေးလုပ်ချိန်ကို အသက်ကမမှီတော့တာ။ မီးလောင်ကျွမ်းနေကြပြီ။ အိပ်ချိန်ကြီး မီးလောင်တာဆိုတော့ မသိလိုက်တာရော မထွက်ပြေးနိုင်တာရောကြောင့် အိမ်ထဲမှာ ပိတ်မိနေတာလို့ ယူဆတယ်။”လို့ ကူညီကယ်ဆယ်ခဲ့တဲ့ လူမှုကူညီရေးအသင်းဝင် အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ကျောက်ဆည်မီးသတ်ဌာနကနေ မီးသတ်ကား ၁ စီးနဲ့ မီးငြှိမ်းသတ်ရာ ၂ နာရီ ၂၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်ခဲ့တဲ့ နှစ်ထပ်တိုက်ရဲ့အောက်ထပ်မှာ ရုပ်အလောင်း ၂ လောင်းနဲ့ အပေါ်ထပ်မှာ ရုပ်အလောင်း ၂ လောင်းကိုတွေ့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်း ၄ လောင်းကိုတော့ ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွင်ရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း