ငလျင်ငယ်တွေဆက်လှုပ်နေလို့ ကျောက်ဆည်မြို့ခံတွေ အိမ်ထဲမှာမအိပ်ရဲ

0 10
0 10

ကျောက်ဆည်၊ ဧပြီ ၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ ငလျင်ငယ်တွေလှုပ်နေသေးတဲ့အတွက် ဒေသခံတွေစိုးရိမ်ပြီး နေအိမ်တွေကိုမပြန်ဘဲ လမ်းပေါ်မှာအိပ်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မတ် ၂၈ ရက်လှုပ်ခတ်ခဲ့တဲ့ငလျင်နောက်ပိုင်း ဧပြီ ၁ ရက်ဒီနေ့အထိ နေ့စဥ်ငလျင်ငယ်တွေ အနည်းဆုံး ၃ ကြိမ်မှ ၅ ကြိမ်ကြားလှုပ်ခတ်နေတယ်လို့ဆိုပါတယ်။

“သဘာဝဘေးမို့ ဘယ်ချိန်လှုပ်မယ်မသိကြတော့ ထမင်းစားလည်းအဲ့စိတ်၊ အိပ်လည်းအဲ့စိတ်။ ကောင်းကောင်းမအိပ်ရဲသေးဘူး ထထလှုပ်နေလို့” လို့ ဒေသခံတဦးကပြောပါတယ်။

ဒါ့ကြောင့် မြို့ခံအများစုမှာ နေအိမ်ထဲမှာဝင်မအိပ်ရဲကြဘဲ အဆောက်အဦနဲ့လွတ်ရာ အိမ်ပြင်တွေမှာ ထွက်ပြီး အိပ်နေကြတာလို့ သူကဆက်ပြောပါတယ်။

“ခံစားရတာတော့အကုန်လုံးက ဘာအသံကြားကြားလန့်ဖြန့်ပြီးနေနေရတယ်။ တခုခုဆိုပြေးဖို့ထိ ‌ပြင်ဆင်နေရတာ အိမ်ထဲကိုမ၀င်ရဲကြဘူး။ အပြင်မှာပဲထွက်ထိုင်နေကြတာများတယ်။ ညပိုင်းတွေလည်း အပြင်မှာဘဲအိပ်ကြတယ်။ ခဏလောက်လေးဘဲ အိမ်ထဲဝင်ရဲကြတာ။ ခုလိုနေတာက တမြို့လုံးနီးပါးလို့ ပြောလို့ရတယ်။”လို့ သူကပြောပါတယ်။

မတ် ၃၀ ရက် ငလျင်ထပ်လှုပ်ချိန်မှာလည်း တိမ်းစောင်းအက်ကွဲနေတဲ့နေအိမ်အချို့ ထပ်မံ ပြိုကျတာတွေရှိခဲ့ပြီး လူထိခိုက်တာတော့မရှိဘူးလို့ ဆိုပါတယ်။

မြို့ထဲမှာ အခြေခံစားသောက်ကုန်ရောင်းတဲ့ ဆိုင်တွေပြိုကျပျက်စီးတာ၊ မပျက်စီးပေမယ့်လည်း သူခိုးရန်ကြောက်ပြီး ဆိုင်အများစုကပိတ်ထားတာကြောင့် ရေသန့်နဲ့ စားသောက်စရာတွေအလွယ်တကူဝယ်မရဘဲ ရှိတဲ့ရိက္ခာနဲ့ ချွေတာစားသောက်နေကြရတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့သူတွေအတွက် အထိအခိုက်မရှိတဲ့နေအိမ်အချို့က စားသောက်စရာနဲ့ရေ လိုက်လံဝေငှကြပေမယ့် ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့သူတွေကများတာကြောင့် ရိက္ခာလုံလောက်မှုမရှိဘူးလို့ သိရပါတယ်။

ဒီကနေ့အထိ ကျောက်ဆည်မြို့မှာ လျှပ်စစ်မီး၊ ဖုန်းလိုင်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ထိခိုက်သေဆုံးသူတွေကိုရှာဖွေနေကြဆဲဖြစ်ကာ အပျက်အစီးတွေကို မရှင်းလင်းနိုင်သေးဘူးလို့ ဆိုပါတယ်။

ငလျင်ကြောင့် မတ် ၃၁ ရက်အထိ စာရင်းအရ ကျောက်ဆည်မြို့မှာ သေဆုံးသူ ၆၀ ကျော်ထိရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ထိရှိလာကာ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ် ဒေသတွင်းပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။