■ တိုက်ခိုက်မှုအတွင်း စစ်ဆေးဗိုလ်ကြီးအပါ ၆ ဦးသေဆုံး
မုံရွာ၊ ဇွန် ၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအနီး မုံရွာ-မန္တလေး လမ်းပိုင်းမှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားတွေကိုတိုက်ခိုက်ရာ ၆ ဦးသေဆုံးပြီး လက်နက်တွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ MONYWA DYNAMITE – STF အဖွဲ့က ဇွန် ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၇ ရက်ည ၈ နာရီကျော်မှာ ချောင်းဦးကနေ မုံရွာကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ Alphard အိမ်စီးကားနဲ့ Honda Fit ကားတို့ကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
“ချောင်းဦးကနေ ထွက်လာပြီးဆိုတာ သတင်းရတယ်။ ကျနော်တို့က လမ်းပေါ်ထွက်ပြီး မိုင်းထောင်ဖို့ လုပ်တာ။ မိုင်းတောင် မထောင်ရသေးဘူး။ ကျနော်တို့ ကားလမ်းပေါ်ရောက်တဲ့အချိန်နဲ့ အဲ့ကားလာတဲ့အချိန်နဲ့ကွက်တိပဲ။ တည့်တိုး တိုးတာပေါ့။ “လို့ MONYWA DYNAMITE – STF တာဝန်ရှိသူကပြောပါတယ်။
ပစ်ခတ်မှုပြုလုပ်ချိန် Alphard ကားပေါ်ပါ စစ်ကော်မရှင်အဖွဲ့ဝင် ၄ ဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရကာ Honda Fit ကားပေါ်ကယာဥ်မောင်း ကျည်ထိဒဏ်ရာနဲ့မောင်းပြေးသွားပေမယ့် ကားပေါ်ပါ စစ်ကော်မရှင်အဖွဲ့ဝင် ၂ ဦးသေဆုံးတာကိုလည်း သတင်းပေးတွေဆီက ပြန်သိရတယ်လို့ဆိုပါတယ်။
ဒါ့အပြင် Alphard ကားပေါ်က သေနတ် ၄ လက်၊ ကျည်တွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး ကားကိုတော့ ဒီအတိုင်းထားခဲ့ရတယ်လို့ STF တာဝန်ရှိသူကပြောပါတယ်။
သေဆုံးသူ ၆ ဦးထဲမှာ စစ်ဆေးဗိုလ်ကြီး ၁ ဦးနဲ့ ခမရ ၉ တပ်က ဗိုလ်ကြီး ၁ ဦးပါဝင်ပြီး ဒီအခြေအနေကို သိမ်းဆည်းရမိတဲ့ဖုန်းထဲကနဲ့ မြေပြင်သတင်းပေးတွေရဲ့ပြောပြချက်အရ ပြန်သိရတာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို BRAVE HEART ARMY – BHA၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ – PSF၊ MONYWA SPECIAL – ဒိတ်ဒိတ်ကြဲ၊ MONYWA DYNAMITE – STF၊ GOLDEN TARGET FORCE – GTF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။
မတ် ၉ ရက်ကလည်း မုံရွာမြို့၊ မအူစစ်ဆေးရေးဂိတ်အနီးမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကော်မရှင်အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း













