စစ်ကိုင်းနဲ့ ပဲခူးတိုင်းမှာ လေကြောင်းနဲ့လက်နက်ကြီးကြောင့် ၁ ဦးသေဆုံး

0 11
0 11

ပဲခူး၊ ဧပြီ ၂၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွေမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁ ဦးသေ ၄ ဦးဒဏ်ရာရတယ်လို့ မုံရွာမြို့နယ်ပကဖနဲ့ ညောင်လေးပင်ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၄ ရက်ညနေ ၃ နာရီကျော်မှာ မုံရွာအခြေစိုက် နမခ ကတက်လာတဲ့ စက်တပ်လေထီး ၂ စီးဟာ မုံရွာမြို့နယ်၊ ဂျိုးစုကျေးရွာထဲကို ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ဆိုပါတယ်။

“ပြည်သူနေအိမ်နီးနားပတ်ဝန်းကျင်ကို ကျတယ်လို့ ပြောလို့ရတယ်။ ရွာနားမှာတိုက်ပွဲဖြစ်တာမျိုးမရှိဘဲ လာကြဲသွားတာ။ ရွာခံတွေထွက်ပြေးရတာတော့ မရှိသေးပါဘူး”လို့ မုံရွာမြို့နယ်ပကဖပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ဗုံးကြဲခံရလို့ အသက် ၃၀ ကျော်အရွယ်အမျိုးသမီး ၂ ဦးနဲ့အသက် ၁၀ နှစ်အောက်ကလေးငယ် ၁ ဦးဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အဆိုပါညနေ ၅ နာရီကျော်မှာလည်း ရွှေကျင်မြို့နယ်အခြေစိုက် ခမရ ၅၈၉ တပ်ကနေ ညောင်လေးပင်မြို့နယ်၊ ထင်းကုန်းကျေးရွာအုပ်စု၊ အနောက်ဒုံဇရစ်ရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

” လက်နက်ကြီးနဲ့လှမ်းဆော်တာမှာ အနောက်ဘက်ကမ်း ဘုန်းကြီးကျောင်းဘေး ၁ လုံးကျတယ်။ ကမ်းနားလမ်း လူနေအိမ်ဘေးကျတာ လူ ၂ ယောက်ကိုထိတယ်။ နွား ၁ ကောင်ကိုထိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ ခန့်အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး နောက်ထပ် အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးပစ်ခံရတဲ့ အနောက်ဒုံဇရစ်ကျေးရွာဟာ ဧပြီ ၂၄ ရက်က KNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့ ရွှေကျင်မြို့နယ်၊ အရှေ့ဒုံဇရစ်ကျေးရွာရဲစခန်းနဲ့ စစ်တောင်းမြစ်တခုသာခြားတယ်လို့ အထက်ပါဒေသခံဆီက သိရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ဧပြီ ၂၄ ရက်အထိ စစ်ကော်မရှင်တပ်နဲ့ ၎င်းတို့ရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် သေဆုံးတဲ့ပြည်သူစုစုပေါင်း ၇,၉၈၈ ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ထုတ်ပြန်ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။