မုံရွာ၊ မတ် ၅၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာထိပ် မုံရွာ-ချောင်းဦးလမ်းမပေါ် စစ်ဆေးရေးလုပ်နေတဲ့ စစ်ကော်မရှင်အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ MONYWA DYNAMITE STF အဖွဲ့ထံက သိရပါတယ်။
စစ်ကော်မရှင်နဲ့ပျူစောထီး ပူးပေါင်းအင်အား ၂၀ ခန့်ဟာ မုံရွာ – ချောင်းဦးလမ်းပိုင်းနံဘေး ကောင်းစံကွမ်းယာဆိုင်အနီးမှာ လမ်းသွားလမ်းလာကားတွေကို စစ်ဆေးငွေတောင်းနေချိန် မတ်လ ၃ ရက် နေ့ လယ် ၂ နာရီ မိနစ် ၄၀ ခန့်မှာ ပြင်းအားမြင့်မိုင်း ၁ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပုံမှန်အတိုင်း တောပုက ဆက်ကြေးကောက်နေချိန် ဆွဲတာ။ အဆင်မြင့်မိုင်း TNT 10 kg ရှိတဲ့မိုင်းနဲ့ဆွဲချလိုက်တာ။ တိုက်အောက်ခြေမှာထိုင်နေတဲ့ကောင်တွေ ထိတယ်။ အဲ့နားခဏခဏမိုင်းထိတာတောင် မခန့်တဲ့ပုံစံလာလုပ်တာ။ “လို့ MONYWA DYNAMITE STF တာဝန်ရှိသူက ပြောပါတယ်။
မိုင်းစထိမှန်တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိကာ သေဆုံးဒဏ်ရာရသူတွေကို အိမ်စီးကားတွေနဲ့ မုံရွာမြို့ဘက်ကိုသယ်ယူသွားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ အဲ့ဒီနေ့ညနေ ၆ နာရီခန့်မှာ အခင်းဖြစ်နေရာနဲ့ မီတာ ၈၀၀ အကွာရှိ ကြေးမုံရွာထဲကိုဝင်ရောက်ပြီး ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အသက် ၄၀ အရွယ် ရွာခံအမျိုးသား ၁ ဦး ခြေထောက်ကျည်ထိဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“မိုင်းဆွဲခံရပြီးတိုင်း ရွာထဲဆင်းပြီး လိုက်ရှာတဲ့သဘော။ သူတို့ရွာထဲဝင်လာပြီး တရစပ်ရမ်းပစ်ရှာတဲ့အချိန် သူကအိမ်ထဲဝင်ပုန်းရာကနေ ကျည်ထိတာလို့ သိရတယ်”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကိုတော့ BRAVE HEART AYMY.BHA ၊ MONYWA DYNAMITE STF ၊ CHINDWIN FIGHTER GROUP.CFG၊ MONYWA Special – ဒိတ်ဒိတ်ကြဲ တို့က လုပ်ဆောင်ခဲ့ကြတာပါ။
တည်းဖြတ် – M