ပြင်ဦးလွင်၊ ဇွန် ၁၃၊ ၂၀၂၆။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ရွာက နေအိမ် ၅၀ ကျော်ကို ရတနာပုံမြို့သစ်စီမံကိန်းမြေမှာ ပါဝင်နေတယ်ဆိုကာ အသွင်ပြောင်းအစိုးရက အဓမ္မဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီနေအိမ်တွေဟာ အသွင်ပြောင်းသမ္မတ မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံကုမ္ပဏီကဆောက်လုပ်မယ့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းဧရိယာအတွင်းမှာ ဝင်ရောက်ဆောက်လုပ်ထားတယ်ဆိုကာ အခုလ ၁၅ ရက်နေ့ နောက်ဆုံးထားဖယ်ရှားခိုင်းနေတာပါ။
မန္တလေး- ပြင်ဦးလွင်လမ်း၊ ပြင်စာရွာမြောက်ဘက်က ဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ် အဝင်ပေါက်ကနေ သုံးတောင်ရွာ၊ နတ်နန်းအထိ မြေဧကအားလုံးကို စီမံကိန်းမြေအဖြစ်သိမ်းယူလိုက်ပြီးနောက် အခုလို ဖယ်ရှားခိုင်းနေတာလို့ သိရပါတယ်။
ကားလမ်းမအနောက်ဘက်ရှိ နေအိမ်အလုံး ၅၀ ကျော်ကို ဇွန်လ ၈ ရက် နောက်ဆုံးထားဖျက်သိမ်းပေးဖို့ စာထုတ်ပြန်ပြီးတဲ့နောက် ဇွန်လ ၉ ရက်မှာ ဖျက်သိမ်းဖို့ကျန်နေတဲ့နေအိမ်တွေကို ဘူဒိုဇာနဲ့ ဖျက်ဆီးသွားခဲ့ပြီး နောက်ထပ်ကားလမ်းဘေးကပ်လျက်က နေအိမ်နဲ့ ဆိုင်ခန်းတွေကိုတော့ အခုလ ၁၅ ရက်နောက်ဆုံးထားဖျက်သိမ်းဖို့ ထပ်မံအကြောင်းကြားစာထုတ်ခဲ့တာလို့ သိရပါတယ်။
” ပထမတခါက သစ်တောပိုင်မြေကို ကျူးတယ်လို့ပြောတယ်။ ဒါကရွာမြေတွေ။ အခုဆိုမြေ ၁ ကွက်သိန်းထောင်ကြီးဂဏန်းရှိနေပြီ။ အခုကျ စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး အကုန်ဖျက်ခိုင်းတာ။ မဖျက်ရင်ဘူဒိုဇာနဲ့ ထိုးဖျက်ပြီး အကုန်ကာသွားတယ်” လို့ ပြင်ဦးလွင်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၅ ကတည်းက ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ပြန်လည်စတင်ဖို့ ပြောခဲ့ပြီးတဲ့နောက် အခုနှစ်ဆန်းပိုင်းက စတင်ကာ ပြည်သူပိုင်မြေနေရာတွေကို စီမံကိန်းမြေ ဆိုကာ ဆက်တိုက်သိမ်းယူနေတာလို့ သိရပါတယ်။
